၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်၌ ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်၏ လေကြောင်းထိန်းမျှော်စင် တည်ဆောက်ခြင်းအပါအဝင် မြို့ပြလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်လုပ်ငန်းများအား ဆက်လက်တည်ဆောက်မည်

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်၌ ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်၏ လေကြောင်းထိန်းမျှော်စင် တည်ဆောက်ခြင်းအပါအဝင် မြို့ပြလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်လုပ်ငန်းများအား ဆက်လက်တည်ဆောက်မည်
ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်၏ လေယာဉ်ပြေးလမ်းတည်ဆောက်ပြီးစီးမှုကို ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်
ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်၏ လေယာဉ်ပြေးလမ်းတည်ဆောက်ပြီးစီးမှုကို ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်
Published 29 July 2019
ရွှန်းလဲ့ဝင်း

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်၌ ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်၏ လေကြောင်းထိန်းမျှော်စင် တည်ဆောက်ခြင်းအပါအဝင် မြို့ပြလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်လုပ်ငန်းများအား ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်၏ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ ကျော်ရှိသည့် အနက်ပေ ၄၀၀၀ ကျော်တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“ဖလမ်းလေယာဉ်ကွင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဧပြီလအတွင်းမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အခုသတ်မှတ်ထားတဲ့ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ မှာ ပေ ၄၀၀၀ ပြီးစီးနေပြီ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် တည်ဆောက်မှုလုပ်ငန်းက ၅၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ လေကြောင်းမီးသတ်အဆောက်အအုံနဲ့ တွဲလျက် ပေ ၆၀ အမြင့်ရှိ လေကြောင်းထိန်းမျှော်စင် တည်ဆောက်ခြင်းအပါအဝင် မြို့ပြလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်လုပ်ငန်းတွေကို ဆက်လက်ပြုလုပ်သွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊  လေယာဉ်ကွင်းစံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်၌ ဖလမ်း(ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်အား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်ရိဒ်ရေကုန် စသည့်ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ လွယ်ကူစွာသွားလာနိုင်ရန် လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက်နေသည့် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ်တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ  ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန်ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ကာ  ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ပေ ၂၅၀၊ အကျယ်ပေ  ၂၅၀ ရှိပြီး ပြေးလမ်းခံနိုင်ရည်ပေါင် ၅၀၀၀၀ ရှိကာ ATR 72(MTOW – 49604) ပေါင်ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိလေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုအား အသုံးပြုလျက်ရှိကြာင်း သိရသည်။

                  

Most Read

Most Recent