
ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ၇၀၂၇ ဘီလျံဖြင့် အမြင့်ဆုံးလိုငွေဖြစ်ပေါ်နေသည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ နှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာ၌ ငွေကြေးလဲလှယ်နှုန်းအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ရငွေအဖြစ် ကျပ် ၂၅ ဒသမ ၃၁ ထရီလျံရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ၃၂ ဒသမ ၃၃ ထရီလျံအဖြစ် ကနဦးမျှော်မှန်းထားသဖြင့် လိုငွေမှာ ကျပ် ၇၀၂၇ ဘီလျံ အထိရှိနေခြင်းဖြစ်ကာ အဆိုပါပမာဏမှာ ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း အမြင့်ဆုံးလည်း ဖြစ်သည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်က ဘတ်ဂျက်ရေးဆွဲရာတွင် ပြင်ပပေါက်စျေးထက် များစွာနိမ့်ပါးပြီး တစ်ဒေါ်လာ ကျပ် ၁၃၆၀ ဖြင့် ရေးဆွဲခဲ့သော်လည်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက်မူ တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ဗဟိုဘဏ်၏ ဇူလိုင် ၂၆ ရက် ဖြစ်ပေါ်သည့် ၁၅၁၁ ကျပ်ဝန်းကျင်ထက် မြင့်မားသောနှုန်းဖြင့် ရေးဆွဲထားသည်ကို တွေ့ရသည်။
ထိုသို့ လိုငွေအမြင့်ဆုံးဖြစ်နေသည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသော်လည်း လာမည့်ဘဏ္ဍာနှစ်အတွက် ပစ္စည်းဝယ်ယူမှုများတွင် ပြည်တွင်းမှ ကျပ်ငွေဖြင့် ဝယ်ယူနိုင်သည်များကို ကျပ်ငွေဖြင့်သာ ဝယ်ယူရန် မူချမှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိဘတ်ဂျက်ရေးဆွဲသည့်ပုံစံမှာ နိုင်ငံခြားငွေရရှိသုံးစွဲမှုများအတွက် နိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်ငွေကို ဘတ်ဂျက်တွင် လျာထားခြင်းဖြစ်သော်လည်း ပြည်တွင်း၌ နိုင်ငံခြားသုံးငွေစျေးကွက် ဖွံ့ဖြိုးခြင်းမရှိသေး၍ အစိုးရထံမှ နိုင်ငံခြားသုံးငွေကို တောင်းခံသုံးစွဲနေရသည့်ပုံစံဖြစ်ပြီး အဆိုပါ အခြေအနေကို ပြင်ဆင်ရန် ပြည်တွင်းနိုင်ငံခြားသုံးငွေ စျေးကွက်မှာလည်း ဖွံ့ဖြိုးရန် လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာတွင် ဖော်ပြထားသည်။ သို့သော် လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေစျေးကွက်မှာ ဖွံ့ဖြိုးမှုမရှိဘဲ အစိုးရထံမှ နိုင်ငံခြားငွေကို တောင်းခံရယူသည့် အဆင့်သာရှိနေသည်။
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်အထက်ဖြင့် တစ်ပတ်တာစျေးပိတ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ပြည်တွင်း စျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၀၉ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ ဇန်နဝါရီတွင် ၉၆ ဒသမ ၄၈ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၇ ဒသမ ၀၇ ပွိုင့်၊ မတ်လတွင် ၉၇ ဒသမ ၅၆ ပွိုင့်၊ ဧပြီတွင် ၉၇ ဒသမ ၉၆ ပွိုင့်၊ မေလတွင် ၉၈ ဒသမ ၀၈ ပွိုင့်၊ ဇွန်လတွင် ၉၇ ဒသမ ၆၉ ပွိုင့်ဖြစ်သည်။
ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင် ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ်ဝန်းကျင်ရှိခဲ့ကာ ဇူလိုင် ၁၇ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။