ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်ငါးရပ် ဗဟိုဘဏ် ဆက်လက် ထုတ်ပြန်မည်

ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်ငါးရပ် ဗဟိုဘဏ် ဆက်လက် ထုတ်ပြန်မည်
Published 11 October 2018

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအား အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်၏ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက်၊ အဓိကကျသည့် အကျိုးစီးပွားများ ရယူခြင်းဆိုင်ရာ ညွှန်ကြားချက် အပါအဝင် ပြည်တွင်းဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်ငါးရပ် ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအား အကောင်အထည်ဖော်ရန် ညွှန်ကြားချက် ငါးရပ်အား ဆက်လက် ထုတ်ပြန်ရန်ရှိသဖြင့် တရားဝင်ထုတ်ပြန်ခြင်းမပြုမီ ညွှန်ကြားချက် (မူကြမ်း) များ ရှင်းလင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ဆက်လက်ထုတ်ပြန်မည့် ညွှန်ကြားချက်ငါးရပ်မှာ ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက်၊ အဓိကကျသည့် အကျိုးစီးပွားများရယူခြင်းဆိုင်ရာ ညွှန်ကြားချက်၊ ဆက်နွှယ်သူများဆိုင်ရာ ညွှန်ကြားချက်၊ ပြင်ပစာရင်းစစ်များဆိုင်ရာ ညွှန်ကြားချက်၊ သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအတွက် ညွှန်ကြားချက်တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအား အကောင်အထည်ဖော်ရန် ဘဏ်များအား ကောင်းခိုင်မာမှုဆိုင်ရာ စည်းမျဉ်းလေးရပ်ဖြစ်သော မတည်ငွေရင်းလုံလောက်မှုဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အချိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာစည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ် မှတ်ချက်ဆိုင်ရာစည်းမျဉ်းတို့ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုဆက်လက်ထုတ်ပြန်မည့် ညွှန်ကြားချက်ငါးရပ်အပေါ် မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များသည် မိမိတို့နှင့် သက်ဆိုင်သည့် ညွှန်ကြားချက် (မူကြမ်း) များနှင့် အကြံပြုချက်များကို အောက်တိုဘာ ၂၆ ရက် နောက်ဆုံးထား၍ ဗဟိုဘဏ်သို့ ပြန်ကြားရမည်ဖြစ်သည်။ 

အဆိုပါ ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာမှ ကျင့်သုံးနေသည့် စံနှုန်းများအရ ဆောင်ရွက်နိုင်စေရန်နှင့် ဘဏ်များအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် တိုးတက်ဖွံ့ဖြိုးလာစေရန်တို့အတွက် ဗဟိုဘဏ်၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

Most Read

Most Recent