အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် လာမည့်နွေရာသီတွင် ကစားသမားသစ် ခေါ်ယူမှုအတွက် သုံးစွဲငွေရရှိရန် အသင်းမှ ကစားသမားအများစုကို ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်ကစားသမားများထဲတွင် အိုဇေးလ်၊ မစ်ခီတာရီယန်၊ မူစတာဖီအစရှိသည့် အဓိကကစားသမားများ ပါဝင်နေကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် နည်းပြအူနိုင်းအမ်မရီအား ခွင့်ပြုငွေ ပေါင်(၄၅)သန်းသာပေးထားကြောင်း သိရှိရသည်။ သို့ဖြစ်ရာ အမ်မရီ အနေဖြင့် ကစားသမားသစ်များ ခေါ်ယူနိုင်ရန် အသင်းရှိ ကစားသမားများကို ရောင်းချပြီး ငွေရှာရမည်ဖြစ်ကြောင်း သိရှိရသည်။ လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲမည့် ကစားသမားမှာ အနည်းဆုံး (၉)ဦးခန့်အထိရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်း၏ ဝေးလ်စ်လက်ရွေးစင်ကွင်းလယ်လူ ရမ်ဆေးမှာ နွေရာသီတွင် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီး အသင်း၏ ၀ါရင့် ဂိုးသမား ပီတာချက်မှာလည်း ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်သည်။ အူနိုင်းအမ်မရီ ရောင်းချမည့်ကစားသမားများမှာ ကွင်းလယ်လူ အိုဇေးလ်၊ မစ်ခီတာရီယန်၊ အယ်လ်နန်နီ၊ နောက်ခံလူ ယန်ကင်ဆန်၊ ချိန်ဘာ့စ်၊ ဂိုးသမား အော့စ်ပင်နာတို့ဖြစ်ကြောင်း Daily Mail သတင်းစာ က ဖော်ပြခဲ့သည်။
ထို့ပြင် အသင်းနှင့်လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ဝဲလ်ဘက်ကိုလည်း အူနိုင်းအမ်မရီက စာချုပ်သက်တမ်းတိုးတော့မည်မဟုတ်ဘဲ အသင်းမှ ထွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။