K League ၏ စည်းမျဉ်းသစ်ကြောင့် မြန်မာကစားသမားများ ကိုရီးယားကလပ်များတွင် ကစားခွင့်ရမည့်အခွင့်အရေးရှိလာ

K League ၏ စည်းမျဉ်းသစ်ကြောင့် မြန်မာကစားသမားများ ကိုရီးယားကလပ်များတွင် ကစားခွင့်ရမည့်အခွင့်အရေးရှိလာ
Published 22 April 2019

တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်သော K League 1 ၏ စည်းမျဉ်းသစ်ကြောင့် မြန်မာကစားသမားများအနေဖြင့် လာမည့်ရာသီတွင် ကိုရီးယားကလပ်အသင်းများတွင် ကစားခွင့်ရရန် အခွင့်အရေးရှိလာကြောင်း သိရသည်။

K League သည် လာမည့်ရာသီတွင် အသင်းများ၌ အာဆီယံကစားသမားတစ်ဦး ထည့်သွင်းကစားရမည့်စည်းမျဉ်းကို အတည်ပြုခဲ့ပြီး နိုင်ငံခြားသားကစားသမားခေါ်ယူမှုကို (၃+၁+၁) သတ်မှတ်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း အာရှသားတစ်ဦး ပါဝင်သည့် (၃+၁) စည်းမျဉ်းကို ဖြည့်စွက်ကာ အာဆီယံကစားသမားတစ်ဦး ခေါ်ယူမည့်စည်းမျဉ်းကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာကစားသမားများအပါအဝင် အာဆီယံကစားသမားများအနေဖြင့် ကိုရီးယားကလပ်အသင်းများတွင် ကစားခွင့်ရနိုင်မည့်အခွင့်အရေးရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် အာဆီယံကစားသမားများအနက် ဗီယက်နမ်လက်ရွေးစင်တိုက်စစ်မှူး ငုယင်ကောင်ဖောင်သည် တောင်ကိုရီးယားကလပ် အင်ချွန်းယူနိုက်တက်အသင်း၌ အငှားသွားရောက်ကစားနေပြီး ၎င်းသွားရောက်ကစားမည့်နောက်ပိုင်းတွင် ဗီယက်နမ်ပရိသတ်များ၏ စိတ်ဝင်စားမှုနှင့် ရုပ်သံကြည့်ရှုမှုနှုန်းမှာ မြင့်တက်လာသောကြောင့် K League အနေဖြင့် လိဂ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေရန် အာဆီယံကစားသမား ထည့်သွင်းအသုံးပြုရမည့်စည်း မျဉ်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

'' ဗီယက်နမ်လက်ရွေးစင်ကစားသမား ငုယင်ကောင်ဖောင် သွားရောက်ကစားတဲ့အချိန်မှာ ရုပ်သံကြည့်ရှုမှုနှုန်းရော K League အပေါ် စိတ်ဝင်စားမှုပါ မြင့်တက်လာတာကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို သူတို့လိဂ်အပေါ်  ပိုမိုစိတ်ဝင်စားလာစေဖို့ ဒီစည်းမျဉ်းကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ဒါနဲ့ပတ်သက်ပြီး တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်လာတာမရှိသေးပေမယ့် မြန်မာကစားသမားတွေအတွက် ကျွန်တော်တို့က အပြည့်အဝကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါက မြန်မာ့ဘောလုံးလောကအတွက် အကျိုးရှိမှာဖြစ်သလို ကစားသမားတွေအနေနဲ့လည်း အများကြီးတိုးတက်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်တာ အားလုံးဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့ မြန်မာကစားသမား တွေအနေနဲ့ K League မှာ ကစားနိုင်တဲ့အနေအထားနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးရဲ့ အနေအထားရှိအောင် ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားခဲ့သည်။

မြန်မာ့ဘောလုံးပရိုစနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်းတွင် မြန်မာကစားသမားများမှာ ထိုင်း၊ စင်ကာပူနှင့် မလေးရှားကလပ်အသင်းများ၌ သွားရောက်ကစားခဲ့ပြီး ယခုရာသီတွင် ထိုင်း လိဂ်-၁ ၌ ကစားသမား (၅)ဦး  ပါဝင်ကစားလျက်ရှိသည်။

 

Most Read

Most Recent