ထိုင်ဝမ်ငြိမ်းချမ်းရေးကို တရုတ်က ပြင်းပြင်းထန်ထန် စိန်ခေါ်နေဟု သမ္မတဆန်အင်းဝမ် ပြောကြား

ထိုင်ဝမ်ငြိမ်းချမ်းရေးကို တရုတ်က ပြင်းပြင်းထန်ထန် စိန်ခေါ်နေဟု သမ္မတဆန်အင်းဝမ် ပြောကြား
အောက်တိုဘာ ၁၀ ရက်တွင် တိုင်ပေရှိ သမ္မတနန်းတော်အရှေ့၌ အမျိုးသားနေ့ အခမ်းအနားတွင် သမ္မတဆန်းအင်ဝမ် (ယာ) ကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၁၀ ရက်တွင် တိုင်ပေရှိ သမ္မတနန်းတော်အရှေ့၌ အမျိုးသားနေ့ အခမ်းအနားတွင် သမ္မတဆန်းအင်ဝမ် (ယာ) ကို တွေ့ရစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

တရုတ်သည် ထိုင်ဝမ်၏ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းပြင်ထန်ထန် စိန်ခေါ်နေသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က ပြောကြားခဲ့သည်။ ထိုင်ဝမ်ကျွန်းသည် ပစိဖိတ်ဒေသထဲမှ တင်းမာမှုတို့၏ ရှေ့တန်းသို့ ရောက်ရှိနေသည်ဟုလည်း ဆန်က ပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းလမ်းတကျ သီးသန့် အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်း၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး မည်သည့်ထုတ်ပြန်မှုကိုမဆို တရုတ်အစိုးရက တိုက်ခိုက်မှုများစွာ ပြုလုပ်နေစဉ် ဆန်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်သည် တရုတ် အစိတ်အပိုင်းဖြစ်သည်ဆိုသော အယူအဆအား လက်မခံသည့် ဆန်အင်းဝမ်က အာဏာရလာသော လွန်ခဲ့သည့် နှစ်နှစ်ကတည်းက တရုတ်-ထိုင်ဝမ်ဆက်ဆံရေးမှာ ဆိုးဆိုးရွားရွား ကျဆင်းလာခြင်း ဖြစ်သည်။

“အနောက်ပစိဖိတ်ဒေသမှာ ထိုင်ဝမ်ဟာ ရှေ့တန်းကိုရောက်နေပြီး ကျွန်မတို့ဟာ အလွန်ကြီးမားတဲ့ဖိအားကြီးကို ခံစားနေရပါတယ်” ဟု ဆန်က ထိုင်ဝမ်အမျိုးသားနေ့ အထိမ်းအမှတ် ရုပ်သံမိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

“တရုတ်ရဲ့ တဖက်သတ်ဆန်တဲ့ သံတမန်ရေးထိုးစစ်တွေ၊ စစ်ရေးအကျပ်ကိုင်မှုတွေဟာ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးကိုသာ ထိခိုက်စေတာမဟုတ်ဘဲ ထိုင်ဝမ်ရေလက်ကြားက ပိုနေမြဲကြားနေမြဲဖြစ်မှုရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ ပြင်းပြင်းထန်ထန် စိန်ခေါ်နေပါတယ်” ဟု ဆန်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ကိုယ့်ကိုယ်ကိုယ် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ယူပြီး အမှီအခိုကင်းသော နိုင်ငံရေး၊ တရားရေး၊ ငွေကြေးစနစ်တို့ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် သီးခြားစတင်အုပ်ချုပ်သည့် ၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်သည် တရုတ်မှ ခွဲထွက်ကြောင်း မည်သည့်အခါကမှ တရားဝင်မကြေညာခဲ့ဖူးပေ။

တရုတ်အစိုးရသည် ထိုင်ဝမ်ကိုတရုတ်၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပေးရန် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအား ဖိအားပေးရာ၌ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်၌လည်း စစ်ရေးလေ့ကျင့်မှုများကို တရုတ်သည် မကြာသေးမီကာလအတွင်းက တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

ဆန်ကမူ တရုတ်အာဏာပိုင်များကို ပဋိပက္ခရင်းမြစ်တစ်ခု ဖြစ်နေမည့်အစား ဒေသတွင်း၌ရော ကမ္ဘာတွင်ပါ အပြုသဘောဆောင်သည့်ကဏ္ဍမှ ပါဝင်ရန် ဆော်သြခဲ့သည်။ တင်းမာမှု အခြေအနေကို ကြီးထွားလာအောင် မလုပ်ဆောင်ဟု ဆန်က ကတိပြုခဲ့သော်လည်း ထိုင်ဝမ်သည် အမျိုးသားလုံခြုံရေးနှင့် သံတမန်ရေးဆက်နွှယ်မှုတို့ကိုမူ အားကောင်းလာစေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် ဆက်ဆံရေး ဆိုးရွားလာခြင်းနှင့်အတူ လူကြိုက်နည်းသည့် ပြည်တွင်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒများကြောင့် ဆန်၏အစိုးရသည် လာမည့်လတွင် ကျင်းပမည့် အဓိကကျသော ဒေသဆိုင်ရာ ရွေးကောက်ပွဲများမတိုင်မီ ဖိအားများအောက် ကျရောက်နေသည်။

ဆန်ကမူ ရွေးကောက်ပွဲအားဝင်ရောက် စွက်ဖက်သည့် မည်သူမဆို ပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရမည်ဟု မိန့်ခွန်းအတွင်း သတိပေးခဲ့သည်။ ရွေးကောက်ပွဲတွင် အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှုကျဆင်းစေရန် တရုတ်က သတင်းအမှားများ ဖြန့်နေသည်ဟုလည်း ဆန်က စွပ်စွဲခဲ့သည်။

Most Read

Most Recent