အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း
Published 10 October 2018
လင်းလင်းခိုင်

မကြာခင် ရုံတင်ပြသတော့မည့် သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားမှာ ပြင်ပတွင်လက်ရှိအချိန်ထိ ဖြစ်ပျက်နေဆဲဖြစ်သည့် တရားမမျှတမှု အကြောင်းအရာများအား ထင်ဟပ်ပုံဖော်ထားခြင်းဖြစ်ကာ တရားစီရင်ရေးမဏ္ဍိုင်သို့ ဝင်ရောက် စွက်ဖက်ခံနေရမှုများ၊ တစ်ဖက်သတ် ဖိနှိပ်ခံစားနေရမှုများကို ရှင်းလင်းစွာ ပုံဖော်ထားခြင်းလည်း ဖြစ်သည်။ ရိုက်ကူးရန် စတင်ပြင်ဆင်စဉ်ကတည်းကပင် ရိုက်ကူးခွင့်ပိတ်ပင်ခံခဲ့ရ၍ နှစ်နှင့်ချီကာ စောင့်ဆိုင်းခဲ့ရပြီးနောက် ရိုက်ကူးဖန်တီးချိန်တွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားအား မျှတမှုမရှိသည့် အခြေအနေများတွင် ငြိမ်ခံမနေဘဲ စုပေါင်းတွန်းလှန်လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ဖန်တီးခဲ့သည်ဟုဆိုသည့် အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး - သမ္မတကြီးထံပေးစာဇာတ်ကားက မရိုက်ခင်မှာလည်း အခက်အခဲတွေ ရှိခဲ့တယ်။ အချိန်ကာလတစ်ခုလည်း စောင့်ခဲ့ရတယ်။ ဒီလိုအခက်အခဲတွေကြားက မဖြစ်ဖြစ်အောင်ရိုက်ဖို့ ဘာကြောင့်ဆုံးဖြတ်ဖြစ်ခဲ့တာလဲ။

ဖြေ - ကျိန်းသေတာတစ်ခုက ဒီကားကို ရိုက်ခွင့်မပြုဘူးဆိုကတည်းက ကိုယ့်ကိုမတရား လုပ်သလို ခံစားရတယ်။ အဲဒီမတရားမှုကို တွန်းလှန်ချင်တယ်။ ဒီကားကိုရိုက်ဖြစ်အောင် ရိုက်မယ်။ ပိတ်ပင်ထားတာတွေကို မရရအောင် ဖောက်ထွက်မယ်ဆိုတဲ့စိတ်နဲ့ပဲ ဒီကားကိုရိုက်ဖို့ မရရအောင် ကြိုးစားခဲ့တာ။ ရှင်းရှင်းပြောရင် ဇာတ်ကားနာမည်ရယ်၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးကို ဝင်ရောက် စွက်ဖက်တာ လုံးဝမဖြစ်သင့်ဘူး ဆိုတာကို ပရိသတ်တွေသိအောင် ပြချင်တယ်။ ဒါက နိုင်ငံက လူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရအောင်ဖန်တီးခဲ့တာ။

■ မေး - ဒီဇာတ်ကားမှာ ပါဝင်တဲ့ အကြောင်းအရာပိုင်းက ကြီးမားတဲ့အတွက် ရိုက်ကူးချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

ဖြေ - ဒီဇာတ်ကားက ကိုယ့်ရဲ့အနုပညာသက်တမ်းမှာ အပင်ပန်းဆုံး ဇာတ်ကားပါ။ စိတ်လည်း ပင်ပန်းတယ်။ လူလည်းပင်ပန်းတယ်။ အစ်ကိုတို့ဆီမှာ Production Designer မရှိဘူး။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေက ပြဖို့လိုအပ်တဲ့အခါ သမ္မတရုံးတံဆိပ် အပါအဝင် ကျန်တာတွေပြသဖို့ လုပ်တဲ့အခါ ဘယ်သူမှလည်းပေးမလုပ်ဘူး။ တကယ့် တကယ် ဌာနဆိုင်ရာနေရာတွေ ရိုက်ချင်တဲ့အခါလည်း ခက်ခဲပါတယ်။ အဲဒီလို အသေးစိတ်လေးတွေကအစ ပြင်ဆင်ပြီးမှ လုပ်ခဲ့ရတာပေါ့။

■ မေး - ဒီဇာတ်ကားမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း လေးနက်စွာ ဖော်ပြထားတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ - မီဒီယာဆိုတာက မဏ္ဍိုင်ကြီးတွေကို ထိန်းကျောင်းရမှာလေ။ မီဒီယာသမားစစ်စစ်ဆိုရင် ဘက်လိုက်မှုမရှိဘဲ ဒါတွေကို ထိန်းကျောင်းနိုင်မှသာ တိုင်းပြည်က တိုးတက်မယ်။ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အဂတိတရားကင်းကင်းနဲ့ပေါ့။ အဲဒါကြောင့်မို့ ဒီအခန်းကဏ္ဍက အရေးကြီးတယ်။ ဒီဇာတ်ရုပ်ကို သေချာလေး Develop လုပ်ရမယ်ဆိုပြီး လုပ်ခဲ့တာပါ။

■ မေး - ဒီဇာတ်ကားဖန်တီးခဲ့ရတဲ့ အချိန်ကာလတွေ ကြာမြင့်ခဲ့ပေမယ့် အခုချိန်ထိ မှန်ကန်နေဆဲ အကြောင်းအရာဖြစ်တဲ့အတွက် ဒီဇာတ်ကားကတစ်ဆင့် ပရိသတ်တွေကို ဘယ်လိုအရာမျိုးတွေ ပေးနိုင်မယ်လို့ထင်လဲ။

ဖြေ - မတရားမှုကို မတရားမှုလို့မြင်ရမယ်။ အဲဒီမတရားမှုကို ကြောက်ရွံ့မှုမရှိဘဲ တရားမျှတမှုရှိအောင် ပြောင်းလဲနိုင်ရမယ်။ အဲဒီအမြင်တွေ တိုးတက်လာပြီဆိုရင် တရားမျှတမှုဆိုတဲ့လမ်းနဲ့ နီးစပ်လာပြီလို့ ယူဆတယ်။ လူတိုင်းက မတရားမှုတွေကို ဒီတိုင်းခံနေမှာလား၊ တရားမျှတမှုဖြစ်အောင် ဘယ်လိုတွန်းအားပေးမလဲ။ အစိုးရရော တရားစီရင်ရေးရော ဘယ်လိုပြောမလဲ။ ရဲရဲဝ့ံဝံ့လုပ်ရမှာပေါ့။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ အရမ်းဝမ်းသာရမှာပါ။



■ မေး - ဒီဇာတ်ကားကို စိတ်တိုင်းကျ ဖန်တီးနိုင်ခဲ့တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကို ကြည့်စေချင်မှာပေါ့။ ရုံတင်စနစ်အရ တချို့ရုံတွေမှာ ပြသခွင့်မရတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ - အစ်ကိုတို့က အနုပညာသည်ဆိုတော့ ပရိသတ်များများကြည့်လေ ကြိုက်လေပဲလေ။ ဒါပေမဲ့ ရုံရှင်နဲ့ ထုတ်လုပ်သူကြားက ပြဿနာကျတော့ အနုပညာရှင်က ရှင်းလို့မရဘူးလေ။ အရှင်းဆုံးပြောရရင် အရင်ကားတွေထက် ဒီဇာတ်ကားကို ပရိသတ် ပိုကြည့်စေချင်တယ်။ ရုံတင်ပြီးခဲ့ရင်တောင် နောက်ထပ် ဘယ်လိုပျံ့နှံ့အောင်ပြပေးလို့ရမလဲဆိုတာ နည်းလမ်းပေါင်းစုံရှာပြီး ပြည်သူတွေကို ကြည့်လို့ရအောင်စီစဉ်မှာပါ။

■ မေး - တခြားနိုင်ငံတွေမှာရော ပြသဖို့ အစီအစဉ်ရှိလား။

ဖြေ - ရှိပါတယ်။ ဒါကြောင့်လည်း Subtitle ကအစ သေချာလုပ်ထားတယ်။ တချို့မှားတာလေးတွေ ပါတာကလွဲရင်ပေါ့။

■ မေး - ဒီဇာတ်ကားက အစ်ကိုဖန်တီးခဲ့တဲ့ ဇာတ်ကားတွေထဲက စိတ်ကျေနပ်မှုအရဆုံး ကားတစ်ကားလို့ ပြောလို့ရမလား။

ဖြေ - ဒီဇာတ်ကားက စိတ်ကျေနပ်မှုအရဆုံး ဇာတ်ကားတွေထဲက တစ်ကားလို့ ပြောလို့ရပါတယ်။ အခုချိန်မှာဖြစ်နေတဲ့ ခံစားချက်ကို ပြောရရင် မတရားမှုတွေက ဆက်ရှိနေတုန်းပဲ။ သမ္မတကြီးသိသင့်တဲ့ အကြောင်းအရာတွေလည်း ရှိနေတုန်းပဲ။ ဒါကြောင့် သမ္မတကြီးထံပေးစာ ၂ ကို ဖန်တီးချင်တဲ့ စိတ်ဆန္ဒရှိပါတယ်။ အဲဒီအတွက် စိတ်အားထက်သန်နေပါတယ်။

■ မေး - သမ္မတကြီးထံပေးစာ ၂ သာ ဆက်လက်ဖန်တီးဖြစ်မယ်ဆိုရင် ပြင်ပမှာဖြစ်နေတဲ့ နောက်ထပ်မတရားမှုတွေအတွက် ကိုယ်စားပြု ဖော်ပြသွားမှာလား။

ဖြေ - ဒီလိုမတရားမှုတွေက အခုထိလည်း မပျောက်သေးဘူး။ လူတော်တော်များများကလည်း ခံစားနေရတုန်းပါ။ သူတို့တွေမှာ Story တွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်။

■ မေး - ဒီဇာတ်ကားနဲ့ပတ်သက်လို့ အကြိုပြောချင်တာများ ရှိမလား။

ဖြေ - ပရိသတ်တွေ သိအောင်တော့ ပြောရရင် ချစ်ကြိုက်ကွဲညားဇာတ်ကားတော့ မဟုတ်ပါဘူး။ ပြည်သူတွေ သိသင့်သိထိုက်တဲ့ Message တစ်ခုကို အင်တာတိန်းမန့်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ လက်ရှိအချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်လည်း ရိုက်ကူးထားတယ်။ သိသင့်သိထိုက်တဲ့ စကားလုံးတွေ အများကြီးပါတယ်။ အဲဒီကနေ မတရားမှုဆိုတာက ဒီတိုင်းထိုင်နေလို့မရဘူး။ စုပေါင်းတွန်းလှန်မှသာလျှင် တရားမျှတမှုဖြစ်အောင် အသွင်ပြောင်းနိုင်မှသာလျှင် ငါတို့ဘဝတွေလည်း အေးချမ်းနိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေသာ ရခဲ့မယ်ဆိုရင် အစ်ကိုရဲ့စိတ်ဆန္ဒတွေ တော်တော်အဆင်ပြေမှာပါ။

■ မေး - ကံ့ကော်နီရော ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။

ဖြေ - ကံ့ကော်နီဇာတ်ကားကတော့ ဒီ ၁၂ ရက်မှာ ရိုက်ဖြစ်ပါပြီ။ လိုအပ်တာတွေအားလုံးလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီးပါပြီ။ ဆရာမင်းလူရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက် တာဝန်ကြီးသလိုတော့ ခံစားရပါတယ်။ ဇာတ်ညွှန်းပိုင်းဆိုင်ရာ အကောင်းဆုံး ပြင်ဆင်ထားတဲ့အတွက် ပရိသတ်ကြိုက်တဲ့ ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သရုပ်ဆောင်တွေက အလင်းရောင်၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ပါ။

■ မေး - ကွယ်လွန်သွားခဲ့တဲ့ ကိုမင်းသွေးနဲ့ပတ်သက်လို့ အမှတ်တရစကားလည်း ပြောပေးပါဦး။

ဖြေ - ကိုယ့်မိသားစုဝင်တွေထဲက မိသားစုတစ်ဦး ခွဲခွာသွားသလို ခံစားရတယ်။ သူက လူမှန်၊ လူဖြောင့်စိတ်တို။ သူ့အိပ်မက်လေးတွေ အကောင်အထည်ပေါ်ခါနီးမှ ခွဲခွာသွားရတော့ ပိုခံစားရတယ်။

■ မေး - နောက်နှစ်ရိုက်မယ့် ဇာတ်ကားတွေရော စီစဉ်ထားပြီးလား။

ဖြေ - နောက်နှစ်ဆန်းမှာ ပပဝတီစီရင်ခန်းကို ရိုက်ပါမယ်။ ပြီးရင် ဘဲကွဲ အသည်းကွဲနေသည်ကို ရိုက်ပါမယ်။               

Most Read

Most Recent