တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က တစ်လကျော်ကြာ ဖမ်းဆီးထားသော နမ့်ခမ်းမြို့နယ် ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်ကို TNLA တရားစီရင်ရေးဌာနက အောက်တိုဘာ ၅ ရက်တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။
“ဟုတ်ပါတယ်။ ဒီ ၅ ရက်နေ့တုန်းက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။ အမြင့်ဆုံးက ၁၀ နှစ်ရှိတယ်။ အနိမ့်ဆုံးက သုံးနှစ်ရှိတယ်။ အနိမ့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာပါ” ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား TNLA အဖွဲ့က သြဂုတ် ၁၇ ရက်တွင် ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးခြင်းသည် နန်းမိုဟွမ်အနေဖြင့် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးစေသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း TNLA က စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
TNLA အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော်လည်း တရားဝင် ရပ်တည်နေသည့် အဖွဲ့အစည်းတစ်ရပ် မဟုတ်သောကြောင့် ၎င်းတို့၏ ဌာနချုပ်တည် နေရာကိုသော်လည်းကောင်း၊ အကျဉ်းထောင် တည်နေရာကိုသော်လည်းကောင်း ရေရေရာရာ သိရှိရခြင်း မရှိပေ။
TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လည်လွှတ်ပေးရေးအတွက် ၎င်း၏မိသားစုဝင်များက စက်တင်ဘာ ၇ ရက်တွင် နမ့်ခမ်းမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နမ့်ခမ်းဒေသခံ အများအပြားကလည်း စက်တင်ဘာ ၁၇ တွင် နမ့်ခမ်းမြို့၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေသည်ဟုလည်း NRPC က ၎င်း၏ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အနေဖြင့် TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ်အား ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုကြသူများအား ညှိနှိုင်းဆွေးနွေးရန်ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ‘၀’ (UWSP/UWSA) အဖွဲ့ ဌာနချုပ်တည်ရှိရာ ပန်ဆန်းသို့ ဖိတ်ခေါ်ထားပြီး ၎င်းတို့အနေဖြင့် သွားရောက် ဆွေးနွေးမည်ဖြစ်ကြောင်း နန်းမိုဟွမ် လွတ်မြောက်ရေးတောင်းဆိုမှုတွင် ပါဝင်သူ စိုင်းသိန်းရွှေက အောက်တိုဘာ ၅ ရက်တွင် ပြောကြားထားသည်။
သို့ရာတွင် နန်းမိုဟွမ်လွတ်မြောက်ရေး တောင်းဆိုမှုတွင် ပါဝင်သူများအနေဖြင့် ပန်ဆန်းသို့ သွားရောက်ဆွေးနွေးခြင်း ရှိ မရှိ စိုင်းသိန်းရွှေထံ အောက်တိုဘာ ၈ ရက်က ထပ်မံ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပေ။
ထိုသို့ ထောင်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် သိရှိရခြင်းမရှိသေးကြောင်း နန်းမိုဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းက အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြောကြားသည်။