မနေ့က ကစားခဲ့သည့် စပါး (၁-၀) ကာဒစ်ဖ်ပွဲတွင် စပါးတိုက်စစ်မှူး ဟာရီကိန်းသည် မိမိအသင်း၏ ကွင်းလယ်လူ ဂျိုးရောလ်အား အနီကတ် ပြခံရအောင် ကြိုးပမ်းခဲ့သည်ဟု ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်က စွပ်စွဲခဲ့သည်။ ယင်းပွဲကစားနေချိန်အတွင်းတွင်လည်း ၀ါနော့ခ်သည် ဟာရီကိန်းအား ကွင်းဘေးစည်းမှ ရိုင်းပျသောအသုံးအနှုန်းများဖြင့် ဆဲဆိုခဲ့သည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ယင်းပွဲ၏ ပွဲချိန်(၅၈)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဘောလုံးဆွဲပြေးလာသော စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာကို ဂျိုးရောလ်က ကြမ်းတမ်းစွာဖျက်ထုတ်တားဆီးခဲ့သည်။ ယင်းဖြစ်ရပ်နှင့် ကိုက်(၂၀)ခန့်ဝေး ကွာနေသော ဟာရီကိန်းသည် ဂျိုးရောလ်ရှိရာသို့ အလျင်အမြန်ပြေးလာခဲ့ပြီး ၎င်းအား (မကျေနပ်သည့် ပုံစံဖြင့်) နောက်မှ သိုင်းဖက်ခဲ့သည်။
ထို့နောက် ယင်းပွဲ၏ ဒိုင်လူကြီး မိုက်ဒင်းက ဂျိုးရောလ်ကို တိုက်ရိုက် အနီကတ်ဖြင့်ထုတ်ပယ်ခဲ့ပြီး ဟာရီကိန်းကိုလည်း (ဂျိုးရောလ်အပေါ် ပြုမူခဲ့သောလုပ်ရပ်အတွက်) အဝါကတ်ပြသခဲ့သည်။
ပွဲအပြီးတွင် ၀ါနော့ခ်က "ကစား သမားတစ်ဦးအနေနဲ့ ပြိုင်ဘက်ကစားသမားတစ်ဦးကို အနီကတ်ပြထုတ်ပယ်ခံ ရအောင် မကြိုးပမ်းသင့်ပါဘူး။ ဒီနေ့ပွဲမှာ ဟာရီကိန်းဟာ ခြေစွမ်းမပြနိုင်ခဲ့သလို၊ စပါးအသင်းကလည်း ကစားပုံမကောင်းခဲ့ပါဘူး။ ဒါကြောင့် ဟာရီကိန်းဟာ ပွဲအ နိုင်ရဖို့အတွက် ကျွန်တော်တို့အသင်းကို အားနည်းအောင် ပြုလုပ်ခဲ့ပါတယ်။ သူ ဒီလိုမလုပ်သင့်ပါဘူး" ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၀ါနော့ခ်က ဒိုင်လူကြီး အနေဖြင့် ဟာရီကိန်းကိုလည်း ဂျိုးရောလ်အပေါ် ပြုလုပ်ခဲ့သော လုပ်ရပ်အတွက် အနီကတ်ပြသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် ၀ါနော့ခ်သည် ဟာရီကိန်းအား ကွင်းဘေးစည်းမှ ရိုင်းပျသောအသုံးအနှုန်းများဖြစ်သည့် " T***"၊ "F******well done" စသည်တို့ဖြင့် အော်ဟစ်ခဲ့ကြောင်းလည်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ သည်။ သို့သော် ၀ါနော့ခ်က ဟာရီကိန်းကို မိမိ ဒေါသထွက်ခဲ့သော်လည်း "T" ဖြင့်စသော ရိုင်းပျသောအသုံးအနှုန်းများဖြင့် အော်ဟစ်ခဲ့ခြင်းမရှိ ကြောင်း ပြောကြားကာ ယင်းသတင်းများကို ငြင်းဆိုခဲ့သည်။