တောင်အာရှတွင် ရေကြီးမှုများကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ရှိလာ

တောင်အာရှတွင် ရေကြီးမှုများကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ရှိလာ
Published 25 August 2017

သြဂုတ် ၁၇ ရက်က အနောက်ဘင်ဂေါပြည်နယ်ရှိ ဘာလာဂတ်တွင် ရေကြီးနေသော လမ်းပေါ်တွင် သွားလာနေသူများကို တွေ့ရစဉ် (Photo: AFP)

ပြီးခဲ့သည့်နှစ်များအတွင်း တောင်အာရှ၏ အဆိုးရွားဆုံး မုတ်သုံဘေး အန္တရာယ်ကြောင့် သောင်တင်နေသူ သန်းပေါင်းများထံ ရောက်ရှိရန် ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားနေစဉ် ယင်းဒေသအတွင်း ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် ၁,၀၀၀ ကျော်အထိ မြင့်တက်လာပြီဟု တာဝန်ရှိသူများက သြဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့တွင် ထောင်နှင့်ချီသော စစ်သားနှင့် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများ စေလွှတ်ထားသည်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် သြဂုတ် ၁၀ ရက်မှစပြီး ယင်းနိုင်ငံများတွင် အလောင်းစုစုပေါင်း ၁,၀၀၉ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရသည့် အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်၌ သြဂုတ် ၂၃ ရက်တွင် အလောင်း ၂၆ လောင်း တွေ့ရှိခဲ့ပြီး ယင်းပြည်နယ်တွင် စုစုပေါင်း သေဆုံးသူဦးရေ ၃၆၇ ဦး ရှိလာပြီဟု ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ထိပ်တန်းအရာရှိ အနီရက်ဒ်ကူးမားက ပြောကြားခဲ့သည်။

“ပြည်နယ်ရဲ့ ခရိုင် ၁၉ ခုမှာရှိတဲ့ လူ ၁၁ သန်းနီးပါးခန့် ရေကြီးမှုဒဏ်ကို ခံခဲ့ရတယ်။ ရေဘေးကြောင့် စွန့်ခွာ ထွက်ပြေးလာတဲ့လူ ၄၅၀,၀၀၀ ကို အစိုးရစခန်းတွေမှာ ခိုလှုံခွင့်ပေးထားတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယ၏ လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး လူ သန်း ၂၂၀ ခန့်ရှိသည့် ဥတာပရာဒေ့ရှ် ပြည်နယ်၏ ထက်ဝက်နီးပါးခန့် ရေလွှမ်းခဲ့သည်။ ယင်းပြည်နယ်တွင် လူနှစ်သန်းကျော် ရေကြီးမှုဒဏ်ကို ခံခဲ့ရပြီး ၈၂ ဦး သေဆုံးခဲ့သည်ဟု သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် တီပီဂူပတာက ပြောကြားခဲ့သည်။

ယင်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် နီပေါနိုင်ငံတွင် လူ ၁၄၆ ဦး သေဆုံးခဲ့ပြီး နေအိမ် ၈၀,၀၀၀ ပျက်စီးခဲ့သည်။ ယင်းသည် ၁၅ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ဆင်းရဲပြီး တောင်ထူထပ်သည့်နိုင်ငံ၏ ဝေးလံသည့်ဒေသများကို ရောက်ရှိနေသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်နိုင်ခြေ ရှိသည်ဟု နီပေါပြည်ထဲရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

အိန္ဒိယ အနောက်မြောက်ပိုင်းရှိ ဟိမဝန္တာဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ခဲ့ပြီး လူ ၅၄ ဦး သေဆုံးခဲ့သည်။ အိန္ဒိယ၏ အရှေ့နှင့် အရှေ့ေြ့မာက်ဘက်ရှိ ပြည်နယ်နှစ်ခု ဖြစ်သည့် အနောက်ဘင်ဂေါနှင့် အာသံတွင် မိုးရွာသွန်းမှု နည်းပါးလာပြီဖြစ်ပြီး ယင်းပြည်နယ်နှစ်ခုတွင် လူ ၂၂၃ ဦး သေဆုံးခဲ့သည်။ အာသံတွင် လေးလမပြည့်မီ ဒုတိယအကြိမ်မြောက် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ခဲ့ပြီး လူ ၇၁ ဦး၊ ဘင်ဂလားကျား တစ်ကောင်နှင့် ရှားပါးသော ဦးချိုတစ်ခုတည်းပါသည့် ကြံ့ ၁၅ ကောင် အပါအဝင် ဒေသမျိုးရင်း တောရိုင်းတိရစ္ဆာန်များ သေဆုံးခဲ့သည်။

မြေနိမ့်ဒေသဖြစ်သည့် အနောက်ဘင်ဂေါတွင် လူ ၁၅၂ ဦး သေဆုံးခဲ့ပြီး သောင်းနှင့် ချီသော ဒေသခံများသည် ရေမြုပ်နေသည့် ကျေးရွာများမှ ရှောင်တိမ်းခဲ့ပြီး လှေနှင့် ယာယီဖောင်များဖြင့် အစိုးရကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် ရေတဖြည်းဖြည်း ကျလာပြီး အဓိကကျသည့် ဗြဟ္မပုတြနှင့် ဂင်္ဂါမြစ်များတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုဖြစ်ပြီးနောက် သေဆုံးသူ ၁၃၇ ဦးထိ မြင့်တက်ခဲ့ပြီး လူ ၇ ဒသမ ၅ သန်းကျော် ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည်ဟု အစိုးရ၏ ဘေးအန္တရာယ် ဖြေရှင်းပေးရေးအဖွဲ့က သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ အနောက်ဘက်ပြည်နယ်များ ဖြစ်သည့် ဂူဂျရတ်နှင့် ရာဂျာစတန်နှင့် အရှေ့မြောက်ပိုင်းရှိ ဝေးလံသည့်ပြည်နယ်များ၌ ဇူလိုင်လလယ်တွင် စတင်ခဲ့သည့် ပထမအကြိမ် ရေကြီးမှုများကြောင့် လူ ၃၅၀ ခန့် သေဆုံးခဲ့သည်။

 

Most Read

Most Recent