
ဇူလိုင် ၂၁ ရက်က ဘန်ကောက်ရှိ တရားရုံးချုပ်မှ ထွက်ခွာလာစဉ် ထောက်ခံသူများအား နှုတ်ဆက်နေသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် (Photo: AFP)
ဖြုတ်ချခံ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်က သူသည် ပြစ်မှုမြောက်သော တာဝန်လစ်ဟင်းမှု စွဲချက်တွင် ပြစ်မှုထင်ရှားခြင်း ရှိ၊ မရှိ စီရင်ချက် ချမှတ်မည့် သြဂုတ် ၂၅ ရက်တွင် တရားရုံးချုပ်ရှေ့၌ စုဝေးခြင်း မပြုလုပ်ကြရန် ၎င်းအား ထောက်ခံသူများကို သြဂုတ် ၂၄ ရက်တွင် Facebook မှတစ်ဆင့် တိုက်တွန်းခဲ့သည်။
၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသော ထိုင်းပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပြီး စစ်ဘက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးမှ ရာသက်ပန် ပိတ်ပင်ခံရနိုင်ကြောင်းလည်း သိရသည်။
ယင်လက် ထောက်ခံသူ ထောင်နှင့်ချီသည် စီရင်ချက် ချမှတ်မည့်နေ့တွင် ဘန်ကောက်မြောက်ပိုင်းရှိ တရားရုံးချုပ် အပြင်ဘက်၌ စုဝေးကြမည်ဟု ခန့်မှန်းထားကြရာ ရဲများနှင့် ထိပ်တိုက်တွေ့ရန် အခြေအနေမြင့်မားနေခဲ့သည်။ မကောင်းသော ရည်ရွယ်ချက်ဖြင့် လူတချို့က ၎င်းအား ထောက်ခံသူများထံ ဝင်ရောပြီး ပြဿနာများ ဖန်တီးရန် ကြိုးပမ်းမည်ကို စိုးရိမ်မှုကြောင့် ယင်းနေ့တွင် နေအိမ်၌သာနေကြပြီး သတင်းကို စောင့်ကြည့်ရန် ယင်လက်က ၎င်းအား ထောက်ခံသူများကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့တွင် တရားရုံးချုပ်အား စောင့်ကြပ်ရန် ရဲနှင့်စစ်သား ၄၀၀၀ ကျော်ကို ချထားမည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့ပြီး လူစုလူဝေးဖြင့် ဆန္ဒပြမှုများအား သတိပေးခဲ့သည်။ ယင်လက်အား ယခင် ကြားနာစစ်ဆေးမှုများတွင် တရားရုံးအပြင်ဘက်၌ ၎င်းအား ထောက်ခံသူ အများအပြားက စုဝေးခဲ့ကြပြီး နှင်းဆီပန်းများပေးခြင်းနှင့် ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ရာ နိုင်ငံရေးဆိုင်ရာ စုဝေးမှုအား ပိတ်ပင်ထားသော ထိုင်းတွင် ရှားပါးသည့်မြင်ကွင်း ဖြစ်ခဲ့သည်။
ယင်လက်သည် ဝန်ကြီးချုပ်ဖြစ်စဉ်က ၎င်း၏အစိုးရအဖွဲ့သည် လယ်သမားများထံမှ စပါးများကို ဈေးကွက်ပေါက်ဈေးထက် နှစ်ဆနီးပါး ပိုပေး၍ ဝယ်ယူခဲ့သည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်အရ ကျေးလက်ရှိ ၎င်းအား ထောက်ခံသူများထံ ဒေါ်လာဘီလျံနှင့်ချီ ရောက်ရှိစေခဲ့သော်လည်း အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်များနှင့် မရောင်းချရသော ဆန်အများအပြားကျန်ရှိမှု ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ယင်းမူဝါဒသည် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် အထောက်အကူ ဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် ယင်လက်အစိုးရအား ဖြုတ်ချရန်အတွက် တောင်းဆိုမှုပါ အောင်မြင်ခဲ့ကြောင်း သိရသည်။ ယင်လက်က ရုံးတင်စစ်ဆေးမှု တစ်လျှောက်လုံးတွင် ယင်းမူဝါဒအတွက် ကာကွယ်ပြောကြားခဲ့ပြီး ဆင်းရဲသားများ၏ ဝင်ငွေများ တိုးတက်စေရန် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သူသည် ပါးနပ်သော နိုင်ငံရေးကစားပွဲ၏ သားကောင်ဖြစ်ခဲ့ရကြောင်း ကာကွယ်ပြောကြားခဲ့သည်။
ယင်းအစီအစဉ်အတွက် ယင်လက်က ကိုယ်တိုင် တာဝန်ခံသင့်ကြောင်း စစ်ဘက်နှင့် အစိုးရရှေ့နေများက ပြောကြားခဲ့ရာ မူဝါဒတစ်ခုနှင့်ပတ်သက်၍ ထိုင်းခေါင်းဆောင် တစ်ဦးအား အပြစ်ပေးရန် မမျှော်လင့်ထားသော ကြိုးပမ်းမှုလည်း ဖြစ်ခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆင်းရဲသားလူထု၏ ထောက်ခံမှု အခိုင်အမာ ရရှိထားသော ယင်လက်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဘီလျံနာနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ဦးဆောင်သော နိုင်ငံရေးယန္တရားအား ဖျက်ဆီးပစ်ရန် အာဏာသိမ်း စစ်အစိုးရ နှင့် နန်းတော်အသိုင်းအဝိုင်း မဟာမိတ်များက ကြိုးပမ်းနေခဲ့ကြကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။