ရခိုင်ပြည်နယ် လွှတ်တော်မှ ခြောက်ဘီလျံကျော် ဖြတ်မှုကို ပြုလုပ်ခဲ့ရသည့်အတွက် လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်များတွင် ဖြတ်တော်မှု မဖြစ်ပေါ်စေရေးအတွက် ငါတို့ကြိုက်သလို ဆွဲမယ်၊ ငါတို့ ဥပဒေအတိုင်း ဖြတ်တောက်မယ် ဆိုတဲ့ပုံစံမျိုး မဖြစ်စေလိုကြောင်းနှင့် ပါတီစွဲ၊ အတ္တစွဲ၊ မာနစွဲ မထားကြရန် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၃/၂၀၁၈ တတိယနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ခြောက်ဘီလျံကျော် ဖြတ်တောက်ခြင်း ခံခဲ့ရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခြောက်ဘီလျံ ဆိုတာ နည်းနည်းနောနော ကိစ္စမဟုတ်ဘူး၊ ဒါကို ကျွန်တော်တို့က ဖြတ်တောက် ခဲ့ရတယ်။ စိတ်မကောင်းဘူးဆိုတာ ဟိုတုန်းကလည်း ပြောခဲ့ပြီးပြီ။ အခုလာမယ့် ၁၈-၁၉ ဘတ်ဂျက်ထဲမှာ အဲလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရဖို့အတွက် ကျွန်တော်တို့ လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော၊ နှစ်ဖက်စလုံးက ပူပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်စီ ကိုင်စွဲထားတဲ့ မာနတွေကို လျှော့ချဖို့လိုတယ်။ အစိုးရဘက်ကလည်း ဘတ်ဂျတ်ဆိုတာ ငါတို့ဆွဲလို့ရတယ်၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့ ဂရုထားစရာ မလိုဘူး ၊ ဥပဒေထဲမှာ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို မလွဲမသွေ လက်ခံရမယ်လို့ မပါဘူး၊ ဒါကြောင့် ငါတို့ကြိုက်သလို ဆွဲမယ်ဆိုတဲ့ မာနမျိုး ၊ အဲဒီမာနမျိုးကို လျှော့ချဖို့ လိုပါလိမ့်မယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရာထားဘတ်ဂျက်ကို ငါတို့ဘာမှ မလုပ်နိုင်ဘူး၊ သို့သော် ဥပဒေကြမ်းအဖြစ်နဲ့ ဒုတိယအကြိမ် ရောက်လာတဲ့အခါမှာ ငါတို့လွှတ်တော်ကတော့ လုပ်ပိုင်ခွင့် ရှိနေတယ်ဆိုပြီးတော့ ဖြတ်မယ်၊ တောက်မယ်၊ ဖြုတ်မယ်၊ အဲဒီလို မလုပ်ကြပါနဲ့ ။ ကိုယ်စီကိုယ်စီမှာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ကိုင်စွဲထားတဲ့ မာနတွေကို လျှော့ချပါ၊ ကျွန်တော်တို့ မာနကိုယ်စီ ရှိနေကြဖို့ဆိုရင် နောက်ဆုံးမှာ ပြည်သူတွေသာ နစ်နာမှာ ဖြစ်တယ်။ ဖြတ်တောက်ပြီးငွေကို ကျွန်တော်တို့ ပြန်သုံးလို့ မရတော့ဘူး။ ဒါကြောင့် အားလုံးမှာ တာဝန်ရှိပါတယ်၊ အတတ်နိုင်ဆုံး ပူးပေါင်းပြီး ညှိနှိုင်းပြီး ဆောင်ရွက်ကြပါ”ဟု ပြောကြားခဲ့သည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အစည်းအဝေး ခေါ်ပေးရန် လွှတ်တော်သို့ ညှိနှိုင်းလာသည့်အတွက် ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ငွေစာရင်းနဲ့ ပတ်သက်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကလည်း အသေအချာ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို အလေးအနက်ထားပြီး ဆောင်ရွက်ဖို့ တိုက်တွန်းပါကြောင်းလည်း ပြောကြားခဲ့သည်။
“ကိုယ်စားလှယ်တွေဆိုတာ ပါတီအသီးသီး နယ်ပယ်အသီးသီးက လာတယ်ဆိုပေမယ့် အမျိုးသားရေးကိစ္စအပေါ်မှာ တညီတညွတ်တည်း ဆောင်ရွက်ဖို့ လိုတယ်။ အစိုးရ သီးသန့်၊ တပ်မတော်သား ကိုယ်စားလှယ်က သီးသန့်၊ လွှတ်တော်က လွှတ်တော်သီးသန့် အဲလိုဖြစ်နေလို့ မရပါဘူး။ ရခိုင်ပြည်နယ်ရဲ့ ကြုံတွေ့နေရတဲ့ အခြေအနေဟာ စိန်ခေါ်မှုတွေ အလွန်တရာမှ များပြားနေပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး စည်းလုံးမှုရှိဖို့ လိုပါတယ်။ အဲဒီလိုရှိဖို့အတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲတွေ ကျွန်တော်တို့ လျှော့ချရပါမယ်၊ ကိုယ်စားလှယ်တွေဆိုတာ ပြည်သူက ယုံကြည်လို့ ရွေးချယ်ပေးလိုက်တာပါ၊ ပြည်သူတွေအတွက် ဆောင်ရွက်ဖို့ ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေ အားကိုးလောက်တဲ့လူ ဖြစ်ဖို့လိုပါတယ်၊ ကျွန်တော်တို့ကြောင့် ပြည်သူတွေ မနစ်နာကြပါစေနဲ့ ၊ ၂၀၁၈-၁၉ အရသုံးဆိုင်ရာ ဥပဒေမူကြမ်းဟာ မကြာခင်မှာ လွှတ်တော်ကြီးဆီကို လာပါလိမ့်မယ်၊ အဓိက ပြောချင်တာကတော့ အဲဒီလိုပြန်လည် ရောက်တဲ့အခါမှာ တစ်ချိန်တုန်းက ကြုံခဲ့ရသလို ခြောက်ဘီလျံကျော် ဖြတ်တောက်တယ် ဆိုတဲ့ဟာမျိုး မဖြစ်ရအောင် ကျွန်တော်တို့ ညှိနှိုင်းပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့ ပြောပြောနေတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခုလို့သာ ပြောချင်ပါတယ်”ဟုလည်း လွှတ်တော်ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။