ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှ ဒိုင်လူကြီးအား မှတ်ချက်ပြုခဲ့သည့် ဘင်နီတက်ဇ် ဒဏ်ငွေပေါင် (၆၀၀၀၀) ချမှတ်ခံရ

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှ ဒိုင်လူကြီးအား မှတ်ချက်ပြုခဲ့သည့် ဘင်နီတက်ဇ် ဒဏ်ငွေပေါင် (၆၀၀၀၀) ချမှတ်ခံရ
Published 6 October 2018

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)သည် နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်အား ပြီးခဲ့သည့်လက ယှဉ်ပြိုင်ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်(၀- ၀) နယူးကာဆယ်ပွဲစဉ်မတိုင်မီ ဒိုင်လူကြီးအား မှတ်ချက်ပြုခဲ့ခြင်းအတွက် ဒဏ်ငွေပေါင် (၆၀၀၀၀) ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ဘင်နီတက်ဇ်သည် ယင်းပွဲမတိုင်မီ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာ၏ ဒိုင်လူကြီးများက မိမိခြေထောက်ကျိုးမှသာ ပြိုင်ဘက်ကစားသမားအား အနီကတ်ပြလိမ့်မည်ဟု ဝေဖန်ခဲ့ခြင်းကို တု့ံပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဘင်နီတက်ဇ်က FA အနေဖြင့် ဇာဟာ၏ဝေဖန်မှုအတွက် အရေးယူမှုတစ်စုံတစ်ရာပြုလုပ်သင့်သည်ဟု ပြောကြားခဲ့ပြီး ယင်းပွဲစဉ်တွင် ကိုင်တွယ်မည့်ဒိုင်လူကြီး မာရင်နာအား ယုံကြည်မှုအပြည့်ရှိကြောင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

င်္FA သည် ကလပ်အသင်းနည်းပြများအနေဖြင့် ပွဲတစ်ပွဲအတွက် ဒိုင်လူကြီးများ၏လုပ်ပိုင်ခွင့်တာဝန်များကို စွက်ဖက်ပြောဆိုခွင့်မရှိဟု စည်းမျဉ်းသတ်မှတ်ထားရာ ဘင်နီတက်ဇ်၏မှတ်ချက်မှာ ငြိစွန်းနေသည့်အတွက် စစ်ဆေးကြားနာမှုပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ဒဏ်ငွေချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲစဉ်မတိုင်မီ ဇာဟာနှင့်ပတ်သက်ပြီး ဘင်နီတက်ဇ်က '' သူက ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမဲ့သူ့မှတ်ချက်ကို FA က သတိပေး၊ အရေးယူတာမျိုး ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီပွဲအတွက်တော့ ဒိုင်လူကြီး မာရင်နာကိုယုံကြည်မှုအပြည့်ရှိပါတယ်။ ဇာဟာရဲ့ကစားပုံက တခြားကစားသမားတွေထက် ဖျက်ထုတ်တာ ပိုခံရနိုင်ပါတယ်။ သူက ပြိုင်ဘက်ကစားသမားတွေဆီ တိုးဝှေ့ပြေးရတာကို နှစ်သက်တဲ့သူပါ။ ကျွန်တော့်ကစားသမားတွေသာမဟုတ်ဘဲ တခြားအသင်းက ကစားသမားတွေဆိုရင်လည်း သူ့ကိုတားဆီးဖို့ ကြိုးစားကြမှာပါပဲ'' ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲလုံးဝမရရှိသေးသည့် (၃)သင်းအနက် (၁)သင်းဖြစ်ပြီး ယခုအပတ်တွင် မန်ယူအသင်းအား အဝေးကွင်းပွဲကျပ် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

Most Read

Most Recent