ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာန အကြီးတန်းစာရေးက ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အခွန်တိမ်းရှောင်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား

ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာန အကြီးတန်းစာရေးက ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အခွန်တိမ်းရှောင်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား
Published 4 May 2018

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးက ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်များရရှိစေရန်အတွက် အခွန်တိမ်းရှောင်ခဲ့သည့် ကိစ္စများနှင့် လျော့နည်းစည်းကြပ်စေရန် လာဘ်ပေးလာဘ်ယူ ကျူးလွန်ခဲ့သည့်ကိစ္စများကို ပြန်လည်စိစစ် အရေးယူပေးရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မေ ၂ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုင်ကြားခဲ့သူ အခွန်ဦးစီးဌာန မှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးမှာ ဌာနတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည် ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၆ ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံး၌ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိုသို့တိုင်ကြားရာတွင် ၂၀၁၂ ခုနှစ်က မန္တလေးမြို့ရှိ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများအတွက် စာချုပ်စာတမ်းများအား ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရန်အတွက် ၎င်း၏အထက်အရာရှိများ၏ စေခိုင်းမှုအရ လုပ်ပိုင်ခွင့်မရှိသော်လည်း ကြားပွဲစားအနေဖြင့် ရှေ့နေနှင့် အိမ်ခြံမြေ ပွဲစားများထံမှ တန်ဖိုးလျှော့ပေါ့ပေးနိုင်ရန်အတွက် ညှိနှိုင်းငွေများ တောင်းခံပေးခဲ့ကြောင်း၊ ယင်းနောက် (ယခင်) အခွန်အရာရှိနှစ်ဦးက ညှိနှိုင်းငွေများ လက်ခံရယူခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ချိန်တွင် ညှိနှိုင်းထားသည့်အတိုင်း ဖြစ်မလာခြင်းကြောင့် ရှေ့နေနှင့် အကျိုးဆောင်တို့က မကျေနပ်သဖြင့် ပြန်လည်တောင်းခံရာမှ စတင်အမှုဖွင့် တရားစွဲဆိုခြင်းခံရသည်အထိ ရောက်ရှိခဲ့ကြောင်း၊ တရားစွဲဆိုခံရာတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သူများအား အရေးယူခံရခြင်းမရှိဘဲ ၎င်းတစ်ဦးတည်းကိုသာ အမှုဖွင့်အရေးယူခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပါဝင်ပတ်သက်ခဲ့သည့် ဝန်ထမ်းနှစ်ဦးကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ဌ)၊ (ဒ) တို့ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်သဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း၊ အဆိုပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ဌ) မှာ လာဘ်ပေးလာဘ်ယူ ကျူးလွန်သည့်ဥပဒေဟု ပါရှိသည့်အပြင် နည်းဥပဒေခွဲ (ဒ) မှာ ဝန်ထမ်းကျင့်ဝတ်များကို ဖောက်ဖျက်ကြောင်းဟု ပြဋ္ဌာန်းပါရှိသည့် ၎င်းဥပဒေများကို ထောက်ရှုခြင်းအားဖြင့် တရားလို ဒေါ်သိန်းသိန်းနိုင် ပေးအပ်ခဲ့သည့်ငွေများသည် (စုစုပေါင်းကျပ်သိန်း ၁၂၀၀ ကျော်) လာဘ်ပေးလာဘ်ယူကိစ္စအတွက် ပေးအပ်သည့်ငွေများဟု အထင်အရှားရှိကြောင်း၊ ဌာနမှ အကြီးအကဲဖြစ်သူ ညွှန်ကြားရေးမှူးချုပ်သည် ယင်းသို့ လာဘ်ပေးလာဘ်ယူကိစ္စများ ပေါ်လွင်ထင်ရှားစွာ တွေ့ရှိသော်လည်း ၁၉၇၄ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၈ ဖြင့် တရားလိုဖြစ်သူ ဒေါ်သိန်းသိန်းနိုင်နှင့် ဦးမြတ်သူနိုင်၊ ဦးညီညီနိုင်တို့အပေါ် တရားစွဲဆိုရန် ပျက်ကွက်ခဲ့ကြောင်း၊ ထိုသို့ပျက်ကွက်မှုအတွက် အရေးယူပေးရန် တင်ပြတိုင်ကြားပါကြောင်း အစရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဌာနတွင်း လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ပြည်တွင်းအခွန်များဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးက တိုင်ကြားမှုအရ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးမြတ်သူနိုင် (ညွှန်ကြားရေးမှူး)၊ ဦးညီညီနိုင် (ဒုတိယညွှန်ကြားရေးမှူး) တို့ကို ၂၀၁၆ ခုနှစ် မတ်လအတွင်းက နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ဈ) အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးဖြစ်သူ ဦးမြင့်ဇော်ထွေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တရားစွဲဆိုခံရစဉ်တွင် အာမခံမရရှိဘဲ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အာမခံရရှိသည့်နေ့အထိ ချုပ်ရက်များဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး အမှုမှာ ယနေ့အထိ ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent