ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ အင်း ၄၆ လုံးကို စည်းကြပ်နိုင်မှုမရှိသည့်အတွက် တစ်နှစ်လျှင် ကျပ် ၁၀၃ သန်းကျော် နိုင်ငံအတွက် နစ်နာဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ အင်း ၄၆ လုံးကို စည်းကြပ်နိုင်မှုမရှိသည့်အတွက် တစ်နှစ်လျှင် ကျပ် ၁၀၃ သန်းကျော် နိုင်ငံအတွက် နစ်နာဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
Published 4 October 2018

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင် ဟိုတယ်၊ မိုတယ်၊ အင်း ၄၆ လုံးအား စည်းကြပ်နိုင်မှု မရှိသည့်အတွက် တစ်နှစ်လျှင် ကျပ် ၁၀၃ သန်းကျော် နိုင်ငံအတွက် နစ်နာဆုံးရှုံးနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

အဆိုပါကိစ္စအား အောက်တိုဘာ ၃ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဦးလှဌေးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဟိုတယ် ၃၃ လုံး၊ မိုတယ်ခုနစ်လုံး၊ အင်းနှင့် တည်းခိုခန်းခြောက်လုံး စုစုပေါင်း ၄၆ လုံးကို စိစစ်နိုင်မှုမရှိတဲ့အတွက် တစ်နှစ်ကို ကျပ် ၁၀၃ ဒသမ ၄၅ သန်းခန့်လောက် ဆုံးရှုံးနေပါတယ်။ အဲဒီလို ဆုံးရှုံးနစ်နာမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က  နိုင်ငံဘဏ္ဍာမဆုံးရှုံးစေဖို့ ကြိုးစားဆောင်ရွက် ဖို့လိုပါတယ်” ဟု ဦးလှဌေးက ပြောကြားသည်။

ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်းများ စာရင်းသည် ဌာနဆိုင်ရာ စာရင်းများနှင့် ကွဲလွဲနေကြောင်း စည်းကြပ်ကောက်ခံမှုမရှိသည့် ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်းများသည် ယာပြတ်ဌာန၏ ပစ္စည်းခွန်နှုန်းထားများဖြင့် တွက်ချက်မည်ဆိုပါက တစ်နှစ်လျှင် ၁၀၃ ဒသမ ၄၅ သန်းနစ်နာနေသည်ကို စာ ရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ပြောကြားသည်။

ထို့ပြင် မြကျွန်းသာပန်းခြံတွင် တည်ဆောက်ခြင်းရပ်ဆိုင်ထားသည့် အဆောက်အအုံများအား ဖျက်သိမ်းခြင်းများ ဆောင်ရွက်မှု မရှိသေးခြင်းနှင့် ငှားရမ်းခများရပ်ဆိုင်းထားသော်လည်း စားသောက်ဆိုင်နှစ်ဆိုင် ဆက်လက်ရောင်းချနေခြင်းသည် စိန်ခေါ် မှုတစ်ခုဖြစ်လာနိုင်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း ခရီးသည်ယာဉ် ဆိုက်ရောက်ရာနေရာ ငှားရမ်းခ ကောက်ခံခြင်းအား ကန်ထရိုက်မှ တစ်နှစ်လျှင် ကျပ် ၁၁၃ ဒသမ ၆၁၂ သန်း ရရှိနေပြီး ဌာနမှ ကျပ် ၃၁ ဒသမ ၉၄ သန်းသာရရှိသဖြင့် များစွာ ကွာခြားနစ်နာနေသည်ကို သက်ဆိုင်ရာအနေဖြင့် ပြန်လည်သုံးသပ်စိစစ်ရန် လိုအပ်ကြောင်း ဦးလှဌေးက ပြောကြားသည်။

ဆက်လက်ပြီး မင်္ဂလာစျေးသစ်ငှားရမ်းခတွင် ဦးဝင်းနိုင်ဇော် (ပြည့်စုံဝင်းနိုင်) အား ဆဋ္ဌမထပ်၊ သတ္တမထပ်အား တစ်စတုရန်း ပေ ၃၄ ကျပ်ဖြင့် ငှားရမ်းထားပြီး၊ ရွှေပြည့်စုံစျေး ဖွင့်လှစ်ထားသည့် ပထမထပ်နှင့် ဒုတိယထပ် ငှားရမ်းခနှုန်းများ မတွေ့ရှိရကြောင်း၊ အဆိုပါအထပ်များတွင် ဆိုင်ခန်းများ ပြန်လည်ငှားရမ်းခများအား အဆင့်ဆင့်မြင့်တက်လာပြီး ဆိုင်ခန်းတစ်ခန်းလျှင် တစ်သိန်းခွဲ ဝန်းကျင်အထိ ကောက်ယူနေကြောင်း၊ နိုင်ငံ တော်မှ ငှားရမ်းထားသူအား ကာလနှင့်အညီ တိုးမြှင့်ကောက်ခံသင့်ကြောင်း ဦးလှဌေးက ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံ့ဝင်ငွေ၊ ပြည်သူ့ဘဏ္ဍာများ များစွာ ဆုံးရှုံးနေသည်ကို စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ထင်ရှားစွာ ဖော်ထုတ်လိုက်ပြီဖြစ်ကြောင်း၊ အစီရင်ခံစာပါ အချက်များကို သက်ဆိုင်သူများ အားလုံးမှ ဥ ပေက္ခာမပြုဘဲ ဆုံးရှုံးနေသည့် နိုင်ငံဝင်ငွေမြောက်မြားစွာ ပြန်လည်ဖော်ထုတ်ရရှိရန် ကျရာကဏ္ဍ ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက် ရန် လိုအပ်ကြောင်း ဦးလှဌေးက ပြောကြားသည်။

Most Read

Most Recent