NCA ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ကာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန် ဥက္ကဋ္ဌဖြစ်လာ

NCA ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ကာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန် ဥက္ကဋ္ဌဖြစ်လာ
Published 17 January 2018

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုတိယအကြိမ်ညီလာခံသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ညီလာခံမှ ဒုတိယဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ဗိုလ်မှူးကြီး ခွန်သူရိန်အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ညီလာခံအပြီး ဇန်နဝါရီ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

ညီလာခံမတိုင်မီ PNLO ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည့် ခွန်မြင့်ထွန်းမှာ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယအကြိမ်ညီလာခံကို PNLO ၏ ဗဟိုဌာနချုပ် (ကဒူးကြီးဒေသ) ၌ ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

PNLO ဒုတိယအကြိမ်ညီလာခံမှ ရွေးချယ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များမှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီးခွန်သူရိန် (ယခင်ဒုတိယဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခွန်မြင့်ထွန်း (ယခင်ဥက္ကဋ္ဌ)၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မန်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ)၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ခွန်ထွန်းတင် (ယခင်ဗဟိုကော်မတီဝင်)၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ဗိုလ်မှူးခွန်သောမတ်(စ်) (ယခင်တွဲဖက်အထွေထွေအတွင်းရေးမှူး-၁) တို့ဖြစ်သည်။

ဒုတိယအကြိမ်ညီလာခံမှ PNLO အား ဦးဆောင်ရန် ဗဟိုအလုပ်အမှုဆောင်ခုနစ်ဦး အပါအဝင် ဗဟိုကော်မတီဝင် ၁၇ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို ညီလာခံတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း PNLO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ PNLO ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်မှူးကြီးခွန်သူရိန်သည် ၂၀၀၉ ခုနှစ်တွင် နယ်စပ်ဒေသသို့ရောက်ရှိနေသော ပအိုဝ်းအင်အားစုများ ပေါင်းစည်းရေး ပြန်လည်လုပ်ဆောင်ရာတွင် အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းပေါင်းစည်းရေးညီလာခံမှ ရေးဆွဲအတည်ပြုထားသော PNLO ဖွဲ့စည်းပုံအရ သုံးနှစ်သက်တမ်းပြည့်သည့်အခါ PNLO ပထမအကြိမ်ညီလာခံတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ခွန်ထွန်းတင်က ပြောကြားသည်။

“အခုတစ်ကြိမ် ဒုတိယအကြိမ်ညီလာခံမှာတော့ လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်တင်မြှောက်လိုက်တော့ သူက ဥက္ကဋ္ဌနေရာ အရွေးခံခဲ့ရတယ်။ ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲဖြစ်ပေမဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်လက်ပြီးတော့မှ နဂိုအတိုင်းပဲ ဆက်လက်ပြီးသွားမှာပါ။ ဘာအပြောင်းအလဲမှ မရှိဘူးပေါ့နော်” ဟု ခွန်ထွန်းတင်က ပြောကြားသည်။

ထို့ပြင် PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကိုလည်း နာယကတာဝန်ဆက်လက်ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် NCA လမ်းကြောင်းအရ ဖွဲ့စည်းထားသည့် JICM၊ UPDJC၊ JMC တို့၌ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ယခင်ဥက္ကဋ္ဌခွန်မြင့်ထွန်း အပါအဝင် PNLO မှ ပါဝင်ဆောင်ရွက်နေသူများကို နဂိုအတိုင်းအပြောင်းအလဲမရှိ တာဝန်ပေးရန်ဆုံးဖြတ်ခဲ့ကြောင်း ခွန်ထွန်းတင်က ဆိုသည်။

PNLO အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဆက်လက်ကျင်းပနိုင်ရေးအတွက်လည်း အလေးအနက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ပြည်ထောင်စုညီညွတ်ရေးဖြင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေး နည်းလမ်းကို အလိုအပ်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းအဖြစ် ခံယူ၍ အကျေအလည် ညှိနှိုင်းဆွေးနွေးမှုများဖြင့် အားလုံးလက်ခံနိုင်မည့် ပြည်ထောင်စုသဘောတူစာချုပ်ရရှိရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ပအိုဝ်းပြည်သူများအပါအဝင် ပြည်ထောင်စုဖွားညီအစ်ကို မောင်နှမများနှင့်အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီလာခံအပြီးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအကြိမ် PNLO ညီလာခံသို့ ရဟန်းသံဃာတော်များ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ပအိုဝ်းအမျိုးသားဒေသများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသမှ လူထုကိုယ်စားလှယ်များ၊ PNLO ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် PNLA မှ တပ်ဗိုလ်တပ်မှူးများ၊ အထူးဖိတ်ကြားသူများ၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ပအိုဝ်းလူထုအခြေပြုလူမှုအဖွဲ့အစည်းများမှ လေ့လာသူများအပါအဝင် စုစုပေါင်း ၂၂၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent