ဒီရာသီမှာ ပထမဆုံးအကြိမ် အိမ်ကွင်းနိုင်ပွဲဆက်ခဲ့တဲ့ မန်ယူ

ဒီရာသီမှာ ပထမဆုံးအကြိမ် အိမ်ကွင်းနိုင်ပွဲဆက်ခဲ့တဲ့ မန်ယူ
Published 29 October 2018

မန်ယူအသင်းက အဲဗာတန်ကို အိုးလ်ထရက်ဖို့ဒ်မှာ (၂-၁)ဂိုးနဲ့ အနိုင်ကစားပြီး ဒီရာသီမှာ ပထမဆုံးအကြိမ် အိမ်ကွင်းနိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

မန်ယူအတွက်ဂိုးတွေကို မာစီယဲလ်ကြောင့်ရတဲ့ ပယ်နယ်တီကနေ ပေါ့ဘာက (၂၇)မိနစ်မှာ (၂)ဆင့်ကန်ကာ သွင်းယူခဲ့ပြီး (၄၉)မိနစ်မှာ မာစီယဲလ်က ပေါ့ဘာရဲ့ပေးပို့မှုကနေ အဝေးထောင့်ထဲကို လှလှပပကန်သွင်းကာ ဒုတိယဂိုးရယူခဲ့ပါတယ်။

မာစီယဲလ်ဟာ နောက်ဆုံးကစားတဲ့ အမှတ်ပေးပွဲ (၃)ပွဲမှာ (၄)ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလည်းဖြစ်တယ်။

အဲဗာတန်ရဲ့ချေပဂိုးတစ်ဂိုးကို ဆီဂတ်ဒ်ဆန်က (၇၇)မိနစ်မှာ ပယ်နယ်တီကနေ ပြန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ထူးခြားတာကတော့ မန်ယူနည်းပြ မော်ရင်ဟိုဟာ (၈)ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ လူကာကူကို ပွဲထွက်စာရင်းက ချန်လှပ်ပြီး ရပ်ရှ်ဖို့ဒ်ကို ပွဲထုတ်ခဲ့တာပါ။

မန်ယူအသင်းအနေနဲ့ အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယား နံပါတ်(၈)နေရာကို ပြန်လည်တက်လှမ်းလာခဲ့ပြီး ဇယားထိပ်ဆုံး(၄)သင်းနဲ့ (၅)မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

မန်ယူနောက်ခံလူ စမောလင်းက အခုပွဲမှာ အသင်းအတွက် သူ့ရဲ့ပြိုင်ပွဲစုံ ပွဲ(၃၀၀)ပြည့်မြောက်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။

စမောလင်းဟာ လက်ရှိမန်ယူကစားသမားတွေထဲမှာ ဗလင်စီယာ(၃၃၅ ပွဲ)၊ ဒီဟေးယား(၃၂၈)တို့ပြီးနောက် တတိယပွဲအများဆုံးအဖြစ်လည်း ရပ်တည်နေပါတယ်။

အဲဗာတန်ကတော့ ထိပ်သီး(၆)သင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်း တွေ့ဆုံမှုတွေမှာ ပွဲ(၃၀)ဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး (၉)ပွဲသရေ၊ (၂၁)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

Most Read

Most Recent