ပြည်ထောင်စုအစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာမှု မရှိခြင်းသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးအတွက် မဟုတ်ဘဲ ကိုယ်လုပ်ချင်တာ လုပ်ခြင်းဖြစ်ပြီး ထ

ပြည်ထောင်စုအစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာမှု မရှိခြင်းသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးအတွက် မဟုတ်ဘဲ ကိုယ်လုပ်ချင်တာ လုပ်ခြင်းဖြစ်ပြီး ထ
ပုသိမ်မြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ပုသိမ်မြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 27 October 2018
မင်းသူဝင်းထွဋ်

ပြည်ထောင်စုအစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာမှု မရှိခြင်းသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒကို ဆန့်ကျင်ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်၊ နိုင်ငံသား အကျိုးအတွက် မဟုတ်ဘဲ ကိုယ်လုပ်ချင်တာ လုပ်ခြင်းဖြစ်ပြီး ထိုသို့လုပ်၍ မရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

 ပုသိမ်မြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရေး ဝန်ထမ်းများ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တချို့က ဘယ်လိုဖြစ်နေလဲဆိုတဲ့ အခါကျတော့ အပေါ်က အားလုံးကို ခြုံကြည့်ပြီးတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ တောတစ်တောကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့ သစ်ပင်တစ်ပင်ချင်း ကြည့်ရသလို တစ်တောလုံးလည်း ခြုံကြည့်ရတယ်။ တစ်တောလုံးလည်း ခြုံကြည့်ရတဲ့ အခါကျတော့ အားလုံးကိုခြုံပြီးတော့ မူဝါဒတွေ၊ လုပ်ငန်းလမ်းစဉ်တွေ၊ အမိန့်တွေ ထုတ်ပြန်တယ်။ ပြည်နယ်နဲ့ တိုင်းအစိုးရ လက်ထဲလည်း ရောက်လည်း ရောက်သွားရော အဲဒီကိုယ့်အစိုးရ ပြောရမယ် ဆိုရင်တော့ ပြည်ထောင်စုအစိုးရကနေ ခန့်အပ်ထားလို့ ပြည်နယ်၊ တိုင်းအစိုးရ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေ ဖြစ်နေတဲ့သူတွေ၊ အဲဒီလူတွေက ပြည်နယ်နဲ့တိုင်းမှာ တာဝန်ရှိနေတဲ့သူတွေက ပြည်ထောင်စုအစိုးရ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေ၊ မူဝါဒတွေတောင် မလိုက်နာတော့ဘူး။ ကိုယ်လုပ်ချင်ရာလုပ်မယ် ဆိုရင်တော့ ကိုယ်ဟာ ဘယ်အဆင့် ရောက်သွားမလဲ ကိုယ်စဉ်းစား။ ပထမဆုံးအဆင့်သည် ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒါပြည်ထောင်စုအစိုးရရဲ့ မူဝါဒကို ဆန့်ကျင်တာ။ ဒုတိယအဆင့်သည် ကိုယ်သည် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးလုပ်တာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ၊ ကိုယ်လုပ်ချင်တာ ကိုယ်အကောင်အထည်ဖော်တာ။ မရဘူး။ ဒီလိုလုပ်လို့ မရဘူး။ ဒါကျွန်တော် အရှိအတိုင်း ပြောမယ်။ ဒါကျွန်တော်တို့ ကြည့်နေလို့လည်း မရဘူး” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် မိမိတို့ ခန့်အပ်ထားသည့် ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ မှဲ့တစ်ပေါက် စွန်းမည်စိုး၍ ငြိစွန်းမည်စိုး၍ အပွင့်လင်းဆုံး ပြောရပါက အခြားသူများ ပြောဆိုခံရမည်စိုး၍ ညွှန်ကြားချက်များ အမျိုးမျိုးထုတ်ကြောင်း၊ ဥပမာအားဖြင့် တင်ဒါနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ ထုတ်ပြန်ထားပြီး နှစ်ကြိမ်ညွှန်ကြားထားကာ စုစုပေါင်း သုံးကြိမ်ဖြစ်ကြောင်း၊ ထုတ်ပြန်သည့် အချိန်မှ စတင်ကာ လေးစားလိုက်နာရမည်ဟု ထုတ်ထားကြောင်း၊ လေးစားလိုက်နာမှု မရှိဘဲ ကိုယ်လုပ်ချင်ရာလုပ်မည် ဆိုပါက ငြိစွန်းမည်ဖြစ်ပြီး ပထမအချက် အနေဖြင့် ပြည်ထောင်စု အစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်ငြိစွန်းကြောင်း၊ ဒုတိယအချက် အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“အဲဒါ အခုဘာလို့ ကျွန်တော်လာပြောလဲဆိုတော့ ကျွန်တော့်လူတွေ ငြိမှာစိုးလို့။ မသိ ဥပဒေနားမလည်ဘဲ ဖြစ်သွားမှာစိုးလို့။ အဲဒီလိုပြောရုံတင် မဟုတ်ဘူး။ ကျွန်တော် အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌကို တွေ့ပြီးတော့ ဒီညွှန်ကြားချက်လေးကို ထုတ်ပေးပါ။ ဒါကို ပြည်နယ်တိုင်းအစိုးရတွေ သိအောင်ပို့မယ်၊ သတင်းစာထဲလည်း ထည့်ပေးပါ၊ မြန်မာ့အသံမှာလည်း သတင်းကြေညာချက်ထဲထည့်ပြီး ကြေညာပေးပါ။ ခင်ဗျားတို့ တွေ့မှာပေါ့။ သတင်းစာထဲမှာ တစ်မျက်နှာ တစ်မျက်နှာ ထည့်ပေးတယ်။ အကြောင်းမဲ့ ထည့်ပေးထားတာ မဟုတ်ဘူး။ အမှုမဲ့ အမှတ်မဲ့ ကိုယ့်စိတ်ထဲမှာတော့ ဘာမှမဆိုင်ဘူး၊ သူ့ဘာသာ ညွှန်ကြားစာက ညွှန်ကြားစာ။ ငါလုပ်ချင်ရာလုပ်မယ်။ အဲဒါမရဘူး။ အဂတိနဲ့ ငြိသွားမယ်။ ဖြစ်မှာစိုးလို့။ ပြောချင်တာက ပြည်နယ် တိုင်းအစိုးရကို ကျွန်တော်တို့ ပြည်ထောင်စု အစိုးရက ချမှတ်ထားတဲ့မူဝါဒကို အကောင်အထည် ဖော်နိုင်ရမယ်။ ဘာဖြစ်လို့လဲ အစကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကြည့်။ ပြည်နယ်၊ တိုင်းအစိုးရက ပြည်ထောင်စုက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက်၊ အမိန့်တွေကို အကောင်အထည် ဖော်ရမယ်ဆိုတာ ဖွဲ့စည်းပုံမှာ ပါပြီးသား။ အကောင်အထည် ဖော်ရမယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ အနေဖြင့် မိမိပြည်နယ်နှင့် တိုင်းဒေသကြီး လက်အောက်ရှိ ဌာနဆိုင်ရာများကို ကြီးကြပ်လမ်းညွှန်ရမည် ဖြစ်ကြောင်း၊ သို့ရာတွင် အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိမိက ဌာနဆိုင်ရာများကို ကြီးကြပ်လမ်းညွှန်ခြင်း မဟုတ်ဘဲ ဌာနဆိုင်ရာများက ကြီးကြပ်လမ်းညွှန်ခြင်းကို ဝန်ကြီးများက ခံနေရကြောင်း၊ ထို့အတွက် မည်သူက ရုံးအုပ်၊ မည်သူက ဝန်ကြီးဆိုသည်ကိုပင် မစဉ်းစား တတ်တော့ကြောင်း၊ နားမလည်ပါက နားလည်ရန်အတွက် သင်ကြားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ကျွန်တော်တို့ အချိန်ပေးခဲ့ပြီးပြီ။ နှစ်နှစ်ကျော်သွားပြီ။ စတုန်းကတော့ ကျွန်တော်တို့ ခေါင်းဆောင်က ပြုပြင်ပြောင်းလဲဖို့ တစ်နှစ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုနှစ်နှစ်ကျော်သွားပြီ။ နှစ်နှစ်ကျော်သွားပေမယ့် တချို့ အခုထိ အဲဒီလို လွဲလွဲမှားမှားရှိတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ဒီမိုကရေစီ၏ အခြေခံကျင့်စဉ်တွင် ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်သည့်အတွက် ပြည်သူကို ဗဟိုပြုရမည်မှာ ဒီမိုကရေစီ၏မူ ဖြစ်ကြောင်း၊ ပြည်သူကို ကောင်းကောင်းမွန်မွန် ဝန်ဆောင်မှုမပေးပါက တစ်နည်းအားဖြင့် ပြည်သူ၏တာဝန်ကို ကျေပွန်အောင် မလုပ်ဘဲ၊ အလုပ်အကျွေး မပြုဘဲ ကိုယ်လုပ်ပိုင်ခွင့် ရချိန်တွင် ပြည်သူကို လူကို လူလိုမမြင်ဘဲ အာဏာရှင်ဆန်ဆန် ပြောဆိုခြင်း၊ မောက်မာခြင်းများ စသည့် ကျင့်သုံးမှုများကို သည်းမခံကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ကိုယ်က နဂိုတုန်းက ဒီနေရာ ဒီတာဝန်ရလာအောင် ကိုယ်ဘယ်လို သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရလဲ ကိုယ်အသိဆုံး။ ကိုယ့်ဘဝ အတွေ့အကြုံ၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအတွေ့အကြုံနဲ့ ပြည်သူကို ဆက်ဆံဖို့လိုတယ်။ ကိုယ်လုပ်ပိုင်ခွင့်ရှိတော့မှ ပြည်သူကို ပြည်သူမှန်းတောင် မမြင်တော့ဘူး။ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတိတ်က ခက်ခဲကြမ်းတမ်းတဲ့ ဘဝ၊ မှန်တယ်ထင်တယ် ဆိုရင်တော့ ခင်ဗျားတို့ စဉ်းစားဖို့ လိုသွားပြီ။ ခင်ဗျားတို့ရော ဘာထူးလဲ။ အဲဒီတော့ သူက ဒီမိုကရေစီသမားလား၊ အာဏာရှင်သမားလား စဉ်းစား။ ကိုယ်ဒီမိုကရေစီသမားပြောရင် ပြည်သူကို သဘောထားကြီးရမယ်။ သည်းခံရမယ်။ ခွင့်လွှတ်ရမယ်။ ပြည်သူကို လွတ်လပ်ခွင့်ပေးရမယ်။ လုံခြုံမှုပေးရမယ်။ ပျော်ရွှင်ခွင့်ပေးရမယ်။ အဲဒီလိုမပေးဘဲနဲ့ ကိုယ်လုပ်ပိုင်ခွင့်ရှိတုန်း ပြည်သူကို ကျွန်တော်တို့ ခုနလို ပြည်သူကို မမြင်တော့ဘဲ လုပ်ပိုင်ခွင့်ကို အာဏာထင်ပြီးတော့ ယစ်မူးမယ် ဆိုရင်တော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့တဲ့ ဘဝကိုပြန်စဉ်းစား” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာ ၂၇ ရက်၌ပင် ပုသိမ်မြို့တွင် အသစ်တည်ဆောက်မည့် ပုသိမ်တံတား အမှတ် (၂)  ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် အခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။                     

 

Most Read

Most Recent