ထားဝယ်-မောင်းမကန်လမ်းပိုင်းပေါ်ရှိ သုံးထပ်လမ်း၌ အုတ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ကာ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ

ထားဝယ်-မောင်းမကန်လမ်းပိုင်းပေါ်ရှိ သုံးထပ်လမ်း၌ အုတ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ကာ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
Published 29 December 2017

ထားဝယ်-မောင်းမကန် လမ်းပိုင်းပေါ်ရှိ သုံးထပ်လမ်း၌ အုတ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားစဉ်

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်းပိုင်းပေါ်ရှိ သုံးထပ်လမ်း ရှုခင်းသာ အဆင်းလမ်းကွေ့၌ အုတ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေ ၃ နာရီခွဲက ခမောင်းတောင်ရွာဘက်မှ မောင်းမကန်ဘက်သို့ အုတ်အလုံးရေ ၅၀၀၀ ခန့် တင်ဆောင်၍ ယာဉ်မောင်းမျိုးလှိုင်ဝင်း (၁၈ နှစ်) မောင်းနှင်လာသည့် TNI 3 H/ ----နံပါတ်ပါ SKAT အမျိုးအစား အနီရောင်ယာဉ်မှာ မောင်းမကန် တောင်သုံးထပ်လမ်း ရှုခင်းသာအဆင်းလမ်းကွေ့ မိုင်တိုင်အမှတ် ၈/ ၄ နှင့် ၈/ ၅ အကြား၌ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်၌ လိုက်ပါလာသူ အလုပ်သမားနှစ်ဦးဖြစ်သည့် ခမောင်းတောင်ရွာနေ ဝင်းမိုးကျော် (၁၈ နှစ်) နှင့် ကျောက်ဒိုး (၁၈ နှစ်)တို့မှာ အုတ်များပိမိ၍ ဦးခေါင်းကွဲဒဏ်ရာ၊ ခန္ဓာကိုယ်ပွန်းခြစ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကျန်ရှိသည့် ခုနစ်ဦးမှာ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မောင်းမကန်တိုက်နယ် ဆေးရုံသို့တင်ပို့ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးအနက် ဦးခေါင်းပိုင်းထိခိုက်မှု ပြင်းထန်ပြီး စိုးရိမ်ရသည့် ရဲမင်းနိုင် (၁၈ နှစ်)နှင့် မင်းဇော်ဦး (၁၇ နှစ်) တို့ နှစ်ဦးကို မောင်းမကန် တိုက်နယ်ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ထပ်မံလွှဲပြောင်းတင်ပို့ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

“ကျွန်တော်တို့ သွားစစ်ဆေးတဲ့အခါမှာ အုတ် ၅၀၀၀ လောက်တင်ပြီးတော့ မောင်းလာတာပေါ့။ ယာဉ်ပေါ်မှာ ရှစ်ဦးပါတယ်။ စုစုပေါင်း ကိုးဦးပေါ့။ သုံးထပ်အကွေ့ ရှုခင်းသာ ကုန်းအဆင်းမိုင်တိုင်အမှတ် ရှစ်မိုင် လေးဖာလုံနဲ့ငါးဖာလုံအကြားမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ညာဘက်ခြမ်းကို တိမ်းမှောက်ခဲ့တယ်။ တိမ်းမှောက်ခဲ့တဲ့အတွက် နှစ်ဦးသေဆုံးတယ်။ အပြင်းအထန်ဒဏ်ရာရတာ နှစ်ဦးရတယ်။ ကျန်တဲ့ ငါးဦးကတော့ ပွန်းပဲ့ဒဏ်ရာရတယ်” ဟု မောင်းမကန်နယ် မြေရဲစခန်းမှူး ရဲအုပ်သက်ဦးက ပြောကြားသည်။

ယာဉ်တိမ်းမှောက်ရာသို့မောင်းမကန်ရွာ မေတ္တာလှိုင်း အရေးပေါ်လူနာတင်ယာဉ် နှစ်စီးနှင့် ဇမ္ဗူသီရိအရေးပေါ် လူနာတင်ယာဉ် သုံးစီး၊ မီးသတ်တပ်ဖွဲ့ကယ်ဆယ်ရေးယာဉ် တစ်စီးတို့ဖြင့် လာရောက်ကူညီခဲ့ပြီး ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသူနှစ်ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံတင်ပို့ခဲ့ကြောင်း၊ လက်ရှိတွင် မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်၍ လူသေဆုံး၊ ဒဏ်ရာရရှိစေခဲ့သည့် ယာဉ်မောင်းမျိုးလှိုင်ဝင်းအား မောင်းမကန် နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၂၈/ ၂၀၁၇  ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent