ဆာရီအတွက် ကစားပေးရသည်ကို ကစားသမားတိုင်း ပျော်ရွှင်ကြသည်ဟု ဝီလီယံ ဆို

ဆာရီအတွက် ကစားပေးရသည်ကို ကစားသမားတိုင်း ပျော်ရွှင်ကြသည်ဟု ဝီလီယံ ဆို
Published 26 October 2018

 

ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ဝီလီယံက နည်းပြ ဆာရီလက်အောက်တွင် ကစားရသည်ကို အသင်းရှိ ကစားသမားတိုင်း ပျော်ရွှင်ကျေနပ်ကြသည်ဟု ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံသည် နည်းပြဟောင်း ကွန်တီလက်ထက်တွင် အဆင်မပြေဘဲ ကွန်တီသာ ချယ်လ်ဆီးနည်းပြအဖြစ် ဆက်ရှိနေမည်ဆိုပါက အသင်းမှထွက်ခွာဖြစ်လိမ့်မည်ဟု ဝန်ခံခဲ့သူလည်း ဖြစ်သည်။

သို့သော် ဝီလီယံသည် နည်းပြသစ် ဆာရီလက်အောက်တွင် ကစားရသည်ကို ကျေနပ်နေပြီး ချယ်လ်ဆီးကစားသမားတိုင်းက ဆာရီအတွက် ကစားပေးရသည်ကို ပျော်ရွှင်နေကြကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝီလီယံက "ဆာရီက ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့လက်အောက်မှာ ကျွန်တော်တို့ ဘောလုံးကိုလှလှပပကစားနေပါတယ်။ သူက ကျွန်တော်တို့ကို ကွင်းအတွင်းမှာ ပျော်ရွှင်စွာကစားဖို့ အလိုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဘောလုံးကို ပျော်ရွှင်စွာနဲ့ ကစားနေကြပြီး အသင်းမှာရှိတဲ့ ကစားသမားတိုင်းက သူ့အတွက် ကစားပေးရတာကို ပျော်ရွှင်ကျေနပ်နေကြပါတယ်"ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နည်းပြ ဆာရီ၏ ဦးဆောင်မှုနှင့်အတူ ယခုရာသီတွင် ပြိုင်ပွဲစုံ (၁၃)ပွဲ၌ ရှုံးပွဲလုံးဝမရှိသေးသလို၊ ပရီးမီးယားလိဂ်ပွဲစဉ် (၉)အပြီးတွင်လည်း ရမှတ် (၂၁)မှတ်ဖြင့် မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နောက် (၂)မှတ်အကွာဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ထို့ပြင် ဝီလီယံက သူနှင့် သူ၏မိသားစုများမှာ လန်ဒန်မြို့တွင် နေထိုင်ရသည်ကို အလွန်သဘောကျကြောင်းနှင့် အရာအားလုံးအဆင်ပြေနေကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent