ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်ဖြစ်ပွားခဲ့သော RCSS နှင့် TNLA/SSPP ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများကြောင့် မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ ၈၀၀ နီးပါးရှိလာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်ဖြစ်ပွားခဲ့သော RCSS နှင့် TNLA/SSPP ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများကြောင့် မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ ၈၀၀ နီးပါးရှိလာ
နမ္မတူမြို့ပေါ်ရှိ ရွှေမြင်သာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (Photo: EPRN)
နမ္မတူမြို့ပေါ်ရှိ ရွှေမြင်သာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (Photo: EPRN)
Published 25 October 2018
 စည်သာ၊ မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သော တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့၏ တိုက်ပွဲများကြောင့် နမ္မတူမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာသူ လူဦးရေ ၈၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက် နံနက် ၃ နာရီခန့်တွင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအနီး၌ TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှ ဒေသခံများမှာ မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်နှင့် အောက်တိုဘာ ၂၅ ရက်တွင် ရရှိခဲ့သော စာရင်းများအရ နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းနှင့် ပုဗ္ဗာရုံကျောင်းတိုက်တို့တွင် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်မှ လူဦးရေ ၈၀၀ နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးကော်မတီမှ သိရသည်။

“တိုက်ပွဲအခြေအနေကတော့ မသိသေးဘူးဗျာ။ ကျွန်တော်တို့တော့ ဒီနေ့ ဘာမှမကြားရသေးဘူး။ နည်းနည်းအလှမ်းဝေးတယ်လေ။ ဒီနေ့ သူတို့ (စစ်ရှောင်) ရောက်လာတယ်ဆိုကတည်းကိုက သူတို့ မအေးချမ်းသေးတာတော့ သေချာတာပေါ့” ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးကော်မတီမှ ဦးစိုင်းဘဉာဏ်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စောင်၊ ခြင်ထောင်စသည့် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများနှင့် စောင်၊ ခြင်ထောင်များ လိုအပ်နေပြီး အကူအညီများ ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA တို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများမှာ မကြာခဏပင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“မနေ့က မိုင်းရင်ကျေးရွာအုပ်စုက ရောက်လာတာ ပန်လော့နဲ့ ကောင်းဟုန်ကျေးရွာကနေ ဒီနေ့မနက်ကနေ ထပ်ပြီးရောက်လာတော့ စုစုပေါင်း ၆၀၀ ကျော်ရှိပြီ။ အခုနကအထိကို သိရတာကတော့ နည်းနည်းတော့ ငြိမ်သွားတယ်လို့ ပြောတယ်။ ပြန်ချင်ပြီလို့တော့ ပြောတယ်။ ရှိတော့ရှိဦးမှာပါ။ ဟုတ်တယ်။ ရွှေမြင်သာနဲ့ ပုဗ္ဗာရုံကျောင်းပေါ့။ အခု ရေက အခက်အခဲ ရှိနေတယ်။ စည်ပင်က ပြန်လုပ်ထားတာ မပြီးသေးတာပေါ့။ ခုတော့ ကားနဲ့ပဲသယ်ပေးနေရတာပေါ့။ လိုအပ်ချက်ဆိုရင်တော့ ဆောင်းနှင်းလည်း ကျလာတော့ စောင်တွေ အခင်းတွေ လိုအပ်နေတာပေါ့။ တကယ်တမ်း ဖြစ်လာရင်တော့ နီးစပ်တဲ့ရွာတွေကို ပြေးကြတာပဲ” ဟု နမ္မတူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ပဋိပက္ခဖြစ်စဉ်ကိစ္စရပ်များကို ကူညီဖြေရှင်းပေးနိုင်ရန် လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းမှာပင် လုပ်ဆောင်မှုများရှိနေပြီး တွေ့ဆုံမှုများ ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း၊ SNLD ပါတီအနေဖြင့် စစ်ဘေးရှောင်များအား လှူဒါန်းမှုများ ပြုလုပ်ရန်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်း ယခုနှစ်အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲများစွာ ရင်ဆိုင်နေရပြီး စိုက်ပျိုးချိန်ကာလ အလုပ်လုပ်သော ရာသီဥတုမျိုးတွင် စစ်ဘေးများ တိုက်ပွဲများမဖြစ်ပွားစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်၍ ရှောင်ရှားပေးကြရန် လိုလားပါကြောင်း နမ္မတူမြို့ စစ်ဘေးရှောင်များက ပြောကြသည်။

ထို့ပြင်ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့အကြား အောက်တိုဘာ ၂၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့ ပူးတွဲလှုပ်ရှားရာနယ်မြေဖြစ်သည့် သီပေါမြို့နယ်၊ လွယ်လမ်းတောင်အနီးသို့ RCSS/SSA တပ်ဖွဲ့က ထိုးစစ်ဆင်လာမှုကြောင့် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA လွန်ခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် နမ္မတူမြို့နယ်ထဲ၌ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း RCSS တပ်ဖွဲ့မှ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent