အမျိုးသမီးများ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ကိုယ်စားလှယ်၊ လေ့လာသူအဖြစ် ပါဝင်နိုင်သော်လည်း ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရေး တံခါးများစေ့ထားဆဲဟု ABSDF ပြောကြား

အမျိုးသမီးများ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ကိုယ်စားလှယ်၊ လေ့လာသူအဖြစ် ပါဝင်နိုင်သော်လည်း ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရေး တံခါးများစေ့ထားဆဲဟု ABSDF ပြောကြား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
Published 27 September 2018
မင်းနိုင်စိုး

အမျိုးသမီးများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ကိုယ်စားလှယ်၊ လေ့လာသူအဖြစ် ပါဝင်နိုင်သော်လည်း ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ရေးအတွက်မူ တံခါးများ စေ့ထားဆဲပင်ဖြစ်သည်ဟု NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ အမျိုးသမီးများက ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ရဲဘော်မိဆူးပွင့်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တကယ်တမ်း ကျွန်မတို့ လျှောက်လှမ်းလာတဲ့ လက်မှတ်ထိုးပြီး စတင်လျှောက်လှမ်းလာတဲ့ ဒီခရီးလမ်းတစ်လျှောက်မှာတော့ အမျိုးသမီး ပါဝင်မှုဆိုတာက နည်းပါးနေဆဲပါ။ UPC လို့ခေါ်တဲ့ ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလိုမျိုးမှာ ကိုယ်စားလှယ်အဖြစ်၊ လေ့လာသူအဖြစ် ပါဝင်လာနိုင်တာတွေ တွေ့ပေမဲ့လည်း ကျွန်မတို့ တစ်ဦးချင်း တစ်ဖွဲ့ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေမှာတော့ အမျိုးသမီးတွေကို ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖို့အတွက် တံခါးတွေက စေ့ထားတုန်းပဲပေါ့နော်။ စေ့ထားတုန်းပဲ။ တွန်းဖွင့်ပြီးတော့ ဝင်ရမှာ။ တွန်းဖွင့်ပြီး ဝင်ရမယ့် အခြေအနေ ဖြစ်နေတုန်းပဲလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်” ဟု ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာပြီး အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုအဖြစ် ရှေ့ဆက်၍ အင်အားများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မည်သို့သော အစီအစဉ်များ ချမှတ် ဆောင်ရွက်ကြမည်ဆိုသည်ကို တိုင်ပင်ဆေးနွေးရန်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအလုပ်ရုံ ဆွေးနွေးပွဲသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ အမျိုးသမီးများ၏ ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ယခုကဲ့သို့သော အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၈ ခုနှစ်အတွင်း ငါးကြိမ်ပြုလုပ်ဖြစ်ကာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ဗဟိုကော်မတီအဆင့်၊ တပ်မှူးအဆင့်၊ ဌာနဆိုင်ရာ တာဝန်ခံအဆင့်များ ရွေးချယ်စေလွှတ်ပေးရန် တောင်းဆိုထားသည်။

“ကျွန်မတို့ရဲ့ လှုပ်ရှားမှုက ကိုယ့်အဖွဲ့အစည်းထဲမှာပဲ ပိတ်နေတာမျိုး မဟုတ်ဘဲနဲ့ ကျွန်မတို့က အပြင်ကလူတွေ ပိုမိုပါဝင် ချဉ်းကပ်လာနိုင်ဖို့အတွက် လမ်းဖွင့်ထားဖို့လည်း လိုတယ်ဆိုတဲ့ လိုအပ်ချက်တစ်ရပ်ကို ရှုမြင်လို့ ဒီလိုအကြံပြုရတာ ဖြစ်ပါတယ်” ဟု ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများအတွင်း လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုအခြေအနေနှင့် အမျိုးသမီးများ၏ ပါဝင်မှု အရေးကြီးပုံ၊ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မှု အခန်းကဏ္ဍနှင့် စိန်ခေါ်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ ချမှတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

Most Read

Most Recent