ဒေသနေပြည်သူများ တစ်စတစ်စ စွန့်ခွာခဲ့လျှင် နယ်မြေဆုံးရှုံးသည်အထိ ဖြစ်သွားပြီး နယ်မြေအစိတ်အပိုင်းတစ်ခု ဆုံးရှုံးပြီဆိုပါက ပြန်ရဖို့အများကြီး ပေးဆပ်ကြရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ဒေသနေပြည်သူများ တစ်စတစ်စ စွန့်ခွာခဲ့လျှင် နယ်မြေဆုံးရှုံးသည်အထိ ဖြစ်သွားပြီး နယ်မြေအစိတ်အပိုင်းတစ်ခု ဆုံးရှုံးပြီဆိုပါက ပြန်ရဖို့အများကြီး ပေးဆပ်ကြရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 6 August 2017

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသားအချို့ကို တွေ့ရစဉ်

ဒေသနေပြည်သူများ တစ်စတစ်စ စွန့်ခွာလာခဲ့လျှင် နယ်မြေဆုံးရှုံးသည်အထိ ဖြစ်သွားပြီး နယ်မြေ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားပြီဆိုပါက  ပြန်ရဖို့ အများကြီးပေးဆပ်ကြရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ထို့ပြင် လက်ရှိ လုံခြုံရေး အစီအမံများကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး လက်ရှိလုံခြုံရေးဖြင့် ဒေသခံများ စိတ်လုံခြုံမှုမရနိုင်ကြောင်းနှင့် လက်ရှိလိုအပ်ချက်နှင့် နောက်လိုအပ်ချက်သည် လုံခြုံရေးပင်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ကျွန်တော် နေရပ်စွန့်ခွာသူတွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က စိုးရိမ်ကြောင့်ကြမှုက အပြည့်ပါပဲ။ သူတို့က အခုရှိနေတဲ့ လုံခြုံရေးကိုအားမရဘူး။ အခုရှိနေတဲ့ လုံခြုံရေးထက်ပိုပြီး မလုပ်ပေးရင်သူတို့ ကိုယ့်နေရပ်ကို ပြန်နိုင်တော့မှာ မဟုတ်ဘူး။ အဓိက,ကတော့ လုံခြုံရေးပဲ။ အခု စေတီပြင်ရွာကိုလာကြတယ်။ အပြင်မှာရှိတဲ့လယ်တွေ၊ နွားတွေ၊ ကျွဲတွေကို အကုန်လုံးသူတို့ ထားခဲ့ရတယ်။ အဲဒါကြောင့်သူတို့ရဲ့ လိုအပ်ချက်က အဓိက,ကတော့ လုံခြုံရေးပဲ။ လောလောဆယ်လည်း လုံခြုံရေးပဲ။ နောက်လည်းလုံခြုံရေးပဲ။ နောက်တစ်ခုက ဒီလုံခြုံရေးနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ လွှတ်တော်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကို ပြောတာများပြီ။ ပြီးခဲ့တဲ့လကလည်း လွှတ်တော်အစည်းအဝေး အတွင်းမှာ ဘူးသီးတောင်မြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုတစ်ခုတင်ခဲ့တယ်။ အဆိုရဲ့ သဘောကတော့ အခုဒေသခံတွေက မလုံခြုံတော့ဘူး။ အဲဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးအစီအမံကို လုပ်ပေးပါဆိုပြီး အဆိုတင်ခဲ့တယ်။ အဲဒီအဆိုလည်း လွှတ်တော်ထဲမှာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်။ အစိုးကလည်း ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရကို တင်ပြပြီးပြီလို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ အဲဒီလို ဒီဟာမျိုး မကြာသောကာလမှာ ဒီလိုဖြစ်မယ်ဆိုတာ တွေးပြီးသား။ လွှတ်တော်ပိုင်းကလည်း လုပ်စရာရှိတာကို လုပ်ပြီးသား။ သို့သော် အစိုးရမှာ အခက်အခဲရှိတယ်ဆိုတာကို ကျွန်တော်သဘောပေါက်တယ်။ ဒါပေမဲ့ ဒီနေရာမှာ တော်တော်လည်းနောက်ကျတယ်။ လုံခြုံရေးအစီအမံတွေကို ပြန်ပြီးသုံးသပ်ရမယ်။ တကယ်လို့များ အခုလိုလုံခြုံရေးမျိုးနဲ့ဆိုရင် ကျွန်တော်တို့ လူတွေဟာ စိတ်လုံခြုံ မှုမရနိုင်ဘူး။ စိတ်လုံခြုံမှု မရနိုင်တဲ့အတွက် ဒေသကိုစွန့်ခွာမယ်။ အဲဒီလို တစ်စတစ်စ စွန့်ခွာလာရင် ကျွန်တော်တို့ နယ်မြေဆုံးရှုံးတဲ့အထိ ဖြစ်သွားမယ်။ တကယ်လို့များနယ်မြေ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားပြီဆိုရင် ဒီနေရာကို ပြန်ပြီးရဖို့ဆိုတာ မလွယ်တော့ဘူး။ ကျွန်တော်တို့အများကြီး ပေးဆပ်ရလိမ့်မယ်။ အဲဒါကြောင့် ပြောရရင် လုံခြုံရေးနဲ့ ပတ်သက်လို့လည်း ဒီယာယီစွန့်ခွာလာကြတဲ့ ပြည်သူတွေက လုံခြုံရေးကိုပဲ တောင်းဆိုကြပါတယ်။ စားရေးသောက်ရေး မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်အတွင်း အကြမ်းဖက်ရန်ကြောင့် နေရပ်စွန့်ခွာထွက်ခွာလာသူများမှာ လက်ရှိအချိန်အထိ ၆၄၉ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာသူများမှာ အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၄၉ ဦးဖြစ်ပြီး ချွတ်ပြင်ကျေးရွာမှ အိမ်ထောင်စု ၄၁ စုလူဦး ရေ ၂၀၁၆ ဦး၊ ပိတောက်မြိုင် (နတလ) ကျေးရွာမှ အိမ်ထောင်စု ၄၁ စု လူဦးရေ ၁၈၅ ဦးနှင့် ပြင်ရှည်ကျေးရွာမှ အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၃၃ ဦးတို့သည် စေတီပြင်ကျေးရွာသို့ ပြောင်းရွှေ့လာကြကြောင်းနှင့် ပေါက်ပင်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု လူဦးရေ ၁၁၀ သည် ဂွဆုံ (ရခိုင်) ရွာသို့ ပြောင်း ရွှေ့လာကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ် ငလှမ်းပြင် (ခ) ငွေတောင်ရွာသို့ ရွှေ့ပြောင်းလာသူ ၆၀ ခန့်ရောက်ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုကမ်းစေတီပြင်တိုက်နယ် မေယုတောင်တန်း အနီးရှိကျေးရွာအချို့တွင် နယ်မြေလုံခြုံမှုအရ စိုးရိမ်မှုမြင့်တက်ကာ ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။

ကိုင်းကြီးကျေးရွာသားရှစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများဝိုင်း၍ ရန်ပြုတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ရသေ့တောင်မြို့နယ်အတွင်း ရခိုင်ကျေးရွာသုံးရွာမှ ဒေသခံများစိုးရိမ်မှု မြင့်တက်ပြီး ရွာလုံးကျွတ်ပြောင်း ရွှေ့မှုဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သြဂုတ် ၃ ရက်က မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား အမျိုးသား အမျိုးသမီး စုစုပေါင်းရှစ်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူအလောင်း ခြောက်လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ သြဂုတ် ၄ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးရှိ အောက်နန်းရာ ဘင်္ဂါလီကျေးရွာသို့ သွားရောက်ကာ RSO အကြမ်းဖက်သမားများအား သွားရောက်ဖမ်းဆီးသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ကျေးရွာသားများက ဝိုင်းဝန်းရန်ပြု တိုက်ခိုက်ရန်နှင့် တရားခံအားလုယူရန် ကြိုးစားမှုဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် အနီးရှိရခိုင်ကျေးရွာမှ ဒေသခံများ စိုးရိမ်မှုမြင့်တက်လာသဖြင့် ယခုကဲ့သို့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စေတီပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာမှ ဇူလိုင် ၂၇ ရက်က ခရုကောက်သွားရင်း ပျောက်ဆုံးသူတစ်ဦးနှင့် သြဂုတ် ၃ ရက်က မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသားခြောက်ဦးအား အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရပြီး နှစ်ဦးပျောက်ဆုံးနေသည့်သတင်းနှင့် သြဂုတ် ၄ ရက် နံနက်ပိုင်းက စေတီပြင်ကျေးရွာ အရှေ့ဘက် နှစ်မိုင်ကျော်ခန့်အကွာ အောက်နန်ရာ ကျေးရွာအတွင်း သေနတ်သံများ အဆက်မပြတ် ပစ်ခတ်သံတို့ကြောင့် မေယုတောင်ခြေ ရင်းအနီးနေထိုင်သည့် ရခိုင်တိုင်းရင်းသား လူနည်းစုကျေးရွာများဖြစ်သည့် ချွတ်ပြင်၊ ပြင်ရှည်၊ ပိတောက်မြိုင်၊ အောင်ဇေယျစသည့် ကျေးရွာများမှ ရွာသူရွာသားများအားလုံး နယ်မြေလုံခြုံမှုအရ စိုးရိမ်မှုမြင့်တက်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း စေတီပြင်တိုက်နယ်စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတိန်က အတည်ပြုပြောကြားသည်။

Most Read

Most Recent