မေဂျာလိဂ်ပြိုင်ပွဲ ဂျာစီရောင်းချရမှုအများဆုံးကစားသမားစာရင်းတွင် အီဘရာဟီမိုဗစ် ထိပ်ဆုံး၌ရပ်တည်

မေဂျာလိဂ်ပြိုင်ပွဲ ဂျာစီရောင်းချရမှုအများဆုံးကစားသမားစာရင်းတွင် အီဘရာဟီမိုဗစ် ထိပ်ဆုံး၌ရပ်တည်
Published 24 October 2018

၂၀၁၈ မေဂျာလိဂ်ပြိုင်ပွဲ ဂျာစီရောင်းချရမှုအများဆုံးကစားသမားစာရင်းတွင် LA ဂလက်ဆီအသင်းမှ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ထိပ်ဆုံး၌ရပ်တည်လျက်ရှိသည်။  MLS store.com က ၂၀၁၈ နှစ်စ မှစတင်ကာ ရောင်းချခဲ့ရသည့် ဂျာစီစာရင်းကို တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရေအတွက်အတိအကျကိုမူ ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

၂၀၁၈ မတ် (၂၃) ရက်က LAဂလက်ဆီ အသင်းသို့ ရောက်ရှိခဲ့သည့် အီဘရာဟီမိုဗစ် သည် လက်ရှိရာသီတွင် အသင်းအတွက် (၂၆) ပွဲ ကစားခဲ့ရာတွင် (၂၂) ဂိုးသွင်း၊ (၁၀) ဂိုးဖန်တီးပေးခဲ့ပြီး လာလီဂါထိပ်သီးကလပ် ရီးယဲလ်အ သင်းသို့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသူ ဖြစ်သည်။

LAFC အသင်းမှ အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ မက္ကဆီကိုတိုက်စစ်မှူး ကားလို့စ်ဗေလာက နံပါတ်(၂)နှင့်  မေဂျာလိဂ်သွင်းဂိုးစံချိန်ရှင်ဖြစ်သူ အတ္တလန်တာယူနိုက်တက်အသင်းမှ ဗင်နီဇွဲလားတိုက်စစ်မှူး ဂျိုဆေးမာတီနက်ဇ်က နံပါတ်(၃) နေရာတွင် ရပ်တည်နေလျက်ရှိသည်။ မေဂျာလိဂ် ရာသီဝက်ရောက်မှ DCယူနိုက်တက်အသင်းသို့ ရောက်ရှိလာသည့် ရွန်နီက နံပါတ်(၄) နေရာတွင်ရှိနေပြီး ယမန်နှစ်က ထိပ်ဆုံးတွင်ရှိခဲ့သည့် အတ္တလန်တာယူနိုက်တက်အသင်းမှ ပါရာဂွေးကွင်းလယ်လူ အယ်လ်မီရွန်ကိုမှာ နံပါတ်(၅)နေရာသို့ ကျဆင်းသွားခဲ့သည်။

ယခုထုတ်ပြန်သည့် ထိပ်ဆုံး (၂၅) ဦးစာရင်းတွင် အခြားနာမည်ကျော်ကစားသမားများထဲမှ ချီကာဂိုဖိုင်းယားကွင်းလယ်လူ စတိုင်ဂါက နံပါတ်(၆)၊ နယူးယောက်စီးတီးတိုက်စစ်မှူး ဒေးဗစ်ဗီလာက နံပါတ်(၇)၊ တိုရွန်တို FC ကွင်းလယ်တိုက်စစ်သမား ဂျီယိုဗင်ကိုက နံပါတ်(၈)၊ ဆီယက်တဲလ်ဆောင်းဒါးစ်တိုက်စစ်မှူး ဒမ်ဆေးက နံပါတ်((၉)၊  LA ဂလက်ဆီကွင်းလယ်လူ ဒေါ့ဆန်းတို့စ်က နံပါတ် (၁၄) နေရာများတွင် ရပ်တည်လျက်ရှိသည်။