ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်လာသော ထိုင်းဘတ်ဈေးကြောင့် မြဝတီနယ်စပ်ဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ်အေး

ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်လာသော ထိုင်းဘတ်ဈေးကြောင့် မြဝတီနယ်စပ်ဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ်အေး
Published 5 August 2017


မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဆိုင်ကယ်များ တင်သွင်းလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

မဲဆောက်- မြဝတီလမ်းမှ ပြည်တွင်းဈေးကွက်သို့ ဆိုင်ကယ်တရားဝင် တင်သွင်းလျက်ရှိသော်လည်း ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်လာသော ထိုင်းဘတ်ငွေဈေးကြောင့် မြဝတီမြို့ ဆိုင်ကယ်ဈေးကွက်တွင် ယခင်လကထက် ဈေးတက်သွား၍ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းစင်တာများတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်များ ရောင်းချလျက်ရှိပြီး ပြီးခဲ့သော ဇွန်၊ ဇူလိုင်လများကထက် ကျပ်တစ်သိန်းဝန်းကျင် ဈေးမြင့်တက်သွားသလို မေလအတွင်း ဖြစ်ပေါ်ခဲ့သော ဘတ်ငွေဈေးနှင့် တွက်ချက်ပါက ဆိုင်ကယ်တစ်စီးလျှင် ကျပ်တစ်သိန်းကျော် မြင့်တက်သွားသည်ဟု ဆိုင်ကယ်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

“ဒီမှာရောင်းတာတော့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်၊ လာအိုနိုင်ငံထုတ်ဆိုင်ကယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရောင်းချပါတယ်။ သုံးစွဲသူတွေကိုလည်း ခွဲခြားပြီးသိစေချင်ပါတယ်။ ဈေးကတော့ အမျိုးအစားအလိုက် ကွဲပြားမှုရှိနေပေမယ့် ဈေးကွက်ရနေတဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဘီးတွေကို တချို့နယ်တွေမှာ ထိုင်းနိုင်ငံ ထုတ်ဆိုင်ကယ်လို့ အသိများပါတယ်” ဟု ဆိုင်ကယ်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချနေသူတစ်ဦးကဆိုသည်။

မြဝတီမြို့တွင် ဆိုင်ကယ်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက “ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်နဲ့ လာအိုနိုင်ငံထုတ် ဆိုင်ကယ်ကို ဝယ်ရတဲ့အခါ ဒေါ်လာပေါက်ဈေးနဲတွက်ပြီး ဘတ်ငွေနဲ့ဝယ်ယူရတဲ့အတွက် နှစ်ခါနာပါတယ်။ ဒေါ်လာဈေးနဲ့ တွက်ပြီးဘတ်ပေးတော့တစ်ခါ။ ဘတ်ငွေ ဈေးမြင့်တက်လာတဲ့အတွက် မြန်မာငွေကို ဘတ်လဲတော့တစ်ခါ နစ်နာပါတယ်။ ခုအနေအထားအရ ဘတ်ဈေးမြင့်တက်တာ မေလနဲ့နှိုင်းယှဉ်ရင် ဆိုင်ကယ်တစ်စီး ကျပ်နှစ်သိန်းဝန်းကျင် မြင့်တက်နေတဲ့အတွက် နယ်ဝယ်လက် မရှိသလောက်ပါပဲ။ ဈေးဦးမပေါက်တဲ့ နေ့တွေရှိပါတယ်” ဟုပြောကြားသည်။

မြဝတီမြို့ရှိ အရောင်းစင်တာများတွင် အနိမ့်ဆုံးဘတ် ၂၈၀၀၀ ရောင်းချသော ဆိုင်ကယ်များမှာ မြန်မာကျပ်ငွေဖြင့်တွက်လျှင် မေလအတွင်း၌ ရှစ်သိန်းလေးသောင်းကျော်၊ ပြီးခဲ့သည့် ဇွန်လက ဆယ်သိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း သြဂုတ်လတွင် ကျပ် ၁၁ သိန်းကျော်အထိ မြင့်တက်လာခဲ့သည်။ အဆိုပါအရောင်းစင်တာများတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များမှာ ဈေးအမြင့်ဆုံးဖြစ်ကာ ဘတ်ငါးသောင်း၊ လေးသောင်းနှင့်အနိမ့်ဆုံး လာအိုနိုင်ငံထုတ် ဆိုင်ကယ်များကို ဘတ် ၂၈၀၀၀ ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြဝတီနယ်စပ်မှ တရားဝင်ဆိုင်ကယ် တင်သွင်းမှုအား ခွင့်ပြုခဲ့သည်မှာ မကြာသေးသော်လည်း သောင်ရင်းကမ်းစပ်ရှိ တရားမဝင်ဈေးကွက်မှာ နှစ်သက်ရှည်ပြီဖြစ်ကြောင်း ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံမှ တစ်ပတ်ရစ် ဆိုင်ကယ်များ သယ်ယူရောင်းချသည့် ဆိုင်ကယ်ညဈေးတန်းမှာ ကာစီနိုလောင်းကစားရုံ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစ၍ပျက်သွားပြီး နံနက်ပိုင်းတွင်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းမှ ဆိုင်ကယ်ဝယ်ရောင်းလုပ်သူများမှာ အဆိုပါ တစ်ပတ်ရစ်ဆိုင်ကယ်ဈေးကွက်တွင် စိတ်ကြိုက်ဝယ်ယူကြပြီး မြန်မာနိုင်ငံအနှံ့သို့ နေ့စဉ်တင်သွင်းလျက်ရှိကြောင်းလည်း သိရသည်။

Writer - ကိုရွှေသိန်း (မြဝတီ)

Most Read

Most Recent