ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လူသတ်မှုအမှုတွဲ၌ တရားရုံးသို့တင်ပြထားသည့် တရားလိုပြသက်သေ ၈၀ ကျော်အနက် ၁၄ ဦးစစ်ဆေးပြီးစီး

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လူသတ်မှုအမှုတွဲ၌ တရားရုံးသို့တင်ပြထားသည့် တရားလိုပြသက်သေ ၈၀ ကျော်အနက် ၁၄ ဦးစစ်ဆေးပြီးစီး
Published 5 August 2017

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လူသတ်မှုအမှုတွဲ၌ တင်ပြထားသည့် တရားလိုပြသက်သေ ၈၀ ကျော်အနက် ၁၄ ဦးစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုမှာ ခုနစ်လအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ဆေးမှုအား မတ်လမှစ၍ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားလိုပြသက်သေက ၁၄ ဦးအထိ စစ်ပြီးသွားပါပြီ။ မျက်မြင်သက်သေတွေကတော့ ကုန်သလောက်နီးပါးဖြစ်နေပါပြီ။ နောက်တစ်ပတ်ဆိုရင်တော့ သက်သေငါးယောက်၊ ခြောက်ယောက်လောက်ကို စစ်မယ်လို့ပြောပါတယ်” ဟု တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက မီဒီယာများအား ပြောကြားသည်။

ထို့ပြင် လူသတ်မှုအမှုတွဲတွင် တရားလိုပြသက်သေ များပြားသဖြင့် မျက်မြင်သက်သေဖြစ်သည့် အငြင်းမပွားနိုင်သော သက်သေမျိုးကို စစ်ဆေးမည်ဆိုပါက တရားလိုပြသက်သေ ငါးဦး၊ ခြောက်ဦးအထိ စစ်ဆေးနိုင်ရန် တရားရုံးမှ ဥပဒေအရာရှိကို ညွှန်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမှုကို အပတ်စဉ်သောကြာနေ့တိုင်း ရုံးချိန်းပေးထားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် အထူးခုံရုံးဖွဲ့ကာ တရားသူကြီးသုံးဦးဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အမှုမှသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူ ကြည်လင်းနှင့် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ငါးဦးကို မြောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် တရားလိုပြသက်သေ ၈၀ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ)ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် သက်သေ ၁၀ ဦးကျော် တင်ပြထားကြောင်း သိရသည်။

တရားစွဲခံထားရသူငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်၏ ရာဇဝတ်အထွေထွေအမှုအမှတ် ၂၀/၂၀၁၇ တရားခံပြေးအမှုနှင့် ပတ်သက်၍ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ဆေးမှုပြီးဆုံးခဲ့ပြီး တရားရုံးစစ်ဆေးချက်များအရ လတ်တလောတွင် အောင်ဝင်းခိုင်အား ဖမ်းဆီးရမိနိုင်ခြေမရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြီးခဲ့သည် မတ် ၃၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

Writer - နေမျိုး၊ ရဲထွဋ်၊ မျိုးထက်ပိုင်

Most Read

Most Recent