ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက သူ၏နည်းပြဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်မှာ ၎င်းကို အကူညီဆုံးလူတစ်ဦးဟု ဝန်ခံခဲ့သည်။
အောက်တိုဘာ ၂၃ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူ-ဂျူဗင်တပ်စ် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
'' မန်ချက်စတာကို ပြန်လာရတာဟာ ကျွန်တော့်အတွက် အလွန်အမင်း စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်တို့ တစ်အုပ်စုတည်းကျပြီလို့ သိလိုက်ရတဲ့အချိန်မှာ ဒီမှာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ချက်ချင်းပြေးမြင်မိပါတယ်။ ချန်ပီယံလိဂ်၊ အမှတ်ပေးနဲ့ တခြားဆုဖလားတွေ ဒီအသင်းနဲ့အတူ ကျွန်တော် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ယူနိုက်တက်ပရိသတ်တွေကို ကျွန်တော် သိရပါတယ်။ ဒါ့အပြင် ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ လူသားတစ်ဦးကိုပေါ့။ သူက ဆာအဲလက်စ်ဖာဂူဆန်ဖြစ်ပြီး ကျွန်တော့်ဘဝမှာ အကူညီဆုံးသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်'' ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
ထို့ပြင် စီရော်နယ်လ်ဒိုက မိမိသည် စံပြတစ်ဦးအဖြစ် နေထိုင်ရမည်ကို သိရှိသည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် လက်ရှိအချိန်တွင် မုဒိမ်းမှုအတွက် စွပ်စွဲ ခံနေရသည့်အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒိုက ''ကွင်းတွင်း မှာရော ကွင်းပြင်မှာပါ ဘယ်လိုနေထိုင်ရမလဲဆိုတာ ကျွန်တော် သိပါတယ်။ အားလုံးအတွက် ရာနှုန်းပြည့်စံပြကစားသမားတစ်ဦးဖြစ်အောင်လည်း ကျွန်တော် ပြုမူနေထိုင်ပါတယ်။ ကျွန်တော် ဘာကိုမှ မလိမ်ညာပါဘူး''ဟု ဆိုခဲ့သည်။