NCA ရေးထိုးပြီးနောက် ကြားကာလတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းနိုင်ရန် ကြိုးစားသွားမည်ဟု ALP ဗဟိုအလုပ်အမှုဆောင် ပြောကြား

NCA ရေးထိုးပြီးနောက် ကြားကာလတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းနိုင်ရန် ကြိုးစားသွားမည်ဟု ALP ဗဟိုအလုပ်အမှုဆောင် ပြောကြား
Published 22 October 2018
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ကြားကာလတွင် ဆောင်ရွက်ရမည့် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ရမည့်ကိစ္စများအား အကောင်အထည်ဖော်ရေးအတွက် ကြားကာလစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းနိုင်ရန် ကြိုးစားသွားမည်ဟု NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသည်မှာ သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ကြားကာလစီမံခန့်ခွဲမှုကော်မတီကို မဖွဲ့စည်းနိုင်သေးဘဲ အဆိုပါကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Best Wistern Green Hill ဟိုတယ်တွင် ဆွေးနွေးခဲ့ကြသည်။

“အမှန်ကတော့ အစီအစဉ်က ကြားကာလအစီအစဉ်က UPDJC တို့ JMC တို့လို ပုံစံမျိုးပဲ။ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်မှာ တစ်ခါတည်း ပေါ်လာရမှာဖြစ်တယ်။ ဒါကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အစိုးရ အပြောင်းအလဲ ဖြစ်သွားတယ်။ နောက်ပိုင်းမှာကျလို့ရှိရင်လည်း အစိုးရဘက်ကလည်း  သူတို့လုပ်ရပ်တွေကို လုပ်နေရတဲ့အပေါ်မှာ ဒီလိုကိစ္စတွေကို လုပ်ရမယ်ဆိုတာမျိုး သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့မှ ဒီ NCA ကို ရေးခဲ့တာ မဟုတ်ဘူးလေ။ အဲဒီအပေါ်မှာ အာရုံစူးစိုက်မှုကလည်း နည်းတာလည်းရှိတယ်။ တစ်ဖက်မှာကျလို့ရှိရင်လည်း တပ်မတော်ဘက်ကလည်း ကျွန်မတို့အပေါ်မှာ အမြင်မတူတာတွေ ရှိနိုင်တယ်။ သံသယမျက်စိတွေ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် တပ်မတော်နဲ့ EAO တွေအကြားမှာလည်းပဲ ပြောရဆိုရမှာတွေ အများကြီးရှိနေသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အခုဆိုရင် ကျွန်မတို့က အများကြီး နောက်ကျနေပြီဆိုတော့ ကျွန်မတို့ ပြည်သူ့ဝန်ကို ဘယ်လိုထမ်းရမှာလဲ။ ပြည်သူတွေအတွက် ကျွန်မတို့ ဘယ်လောက် အလုပ်အကျွေးပြုနိုင်မှာလဲ။ ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ ဦးတည်ချက်တွေကြောင့် ကျွန်မတို့က ကိုယ်တို့ဘက်က ပြင်ဆင်မှုတွေကို သေချာပြင်ဆင်ပြီးတော့မှ အစိုးရဘက်ကို ကမ်းလှမ်းပြီးတော့ ဒီကော်မတီဖွဲ့စည်းနိုင်ရေးကို ကျွန်မအနေနဲ့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ကြားကာလ အချိန်သတ်မှတ်ချက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးသည့်နေမှစ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရေးအတွက် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်သည့်နေ့အထိ ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် ပြည်သူများ၏ဝန်ကို ထမ်းသင့်ကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုသင့်ကြောင်း စဉ်းစားထားချက်ရှိပြီး အဆိုပါ စဉ်းစားချက်သည် NCA လက်မှတ်ရေးထိုးရသည့် ရည်ရွယ်ချက်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ကာ ကြားကာလတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့၏ ဒေသနှင့် ဆက်စပ်နေရာများတွင် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး ပါဝင်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ကြားကာလစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး ကြားကာလတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်က ကြည်ဖြူစွာ ခွင့်ပြုမှသာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြားကာလတွင် ဆောင်ရွက်ရမည့်ကိစ္စများအား အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ကြားကာလစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နှစ်ကြိမ်တိုင် တင်ပြခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့သည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။  

Most Read

Most Recent