တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ တွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများ ပြန်လည်နေထိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ကူညီနေမှု အခြေအနေများ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ တွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများ ပြန်လည်နေထိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ကူညီနေမှု အခြေအနေများ ဆွေးနွေး
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 22 October 2018
ကျော်ဇင်ဝင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် H.E.Mr. Vikram Misri အား အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် အစိုးရနှင့် တပ်မတော်က ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများ ပြန်လည်နေထိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vikram Misri နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin အား အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှု၌ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာမှုရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ARMY Games 2018 တွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ယင်းတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးစုုိးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်သံမှူး Colonel Eduard N.OKLADNIKOV နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

Most Read

Most Recent