နောက်ဆုံး(၅)ပွဲတွင် (၄)ပွဲရှုံးထားသော်လည်း ချန်ပီယံလိဂ်ပွဲစဉ်အား လိုပယ်တယ်ဟီ ကိုင်တွယ်ခွင့်ရမည်

နောက်ဆုံး(၅)ပွဲတွင် (၄)ပွဲရှုံးထားသော်လည်း ချန်ပီယံလိဂ်ပွဲစဉ်အား လိုပယ်တယ်ဟီ ကိုင်တွယ်ခွင့်ရမည်
Published 22 October 2018

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီအနေဖြင့် နောက်ဆုံး(၅)ပွဲတွင် (၄)ပွဲအထိ ရှုံးနိမ့်ထားသော်လည်း ထုတ်ပယ်မခံရသေးဘဲ အင်္ဂါနေ့ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်ခွင့်ရမည် ဖြစ်ကြောင်း စပိန်အခြေစိုက် Cadena SER ရေဒီယိုက ဖော်ပြသည်။

ရီးယဲလ်အသင်းသည် အောက်တိုဘာ (၂၀) ရက်က လီဗန်တေးအသင်းအား အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နောက်ဆုံး (၅)ပွဲကစားရာ (၄)ပွဲအထိ ရှုံးပွဲကြုံတွေ့ထားသည့်အပြင် ဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် (၄)မှတ်ကွာဟသွားပြီဖြစ်သည်။ ထို့ပြင် ရီးယဲလ်အသင်းသည် (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်သော်လည်း ၁၉၈၅ ခုနှစ်ကတည်းက တင်ရှိထားသည့် (၄၆၄) မိနစ်ကြာ ဂိုးပေါက်ပျောက်သည့် မှတ်တမ်းဆိုးကို (၄၈၂) မိနစ်ဖြင့်ကျော်ဖြတ်၍ စံချိန်သစ်အဖြစ် မှတ်တမ်းဝင်သွားသည်။

ထို့ကြောင့် လိုပယ်တယ်ဟီအနေဖြင့် ယခုရက်ပိုင်းအတွင်း ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်နေစဉ် Cadena SER ရေဒီယိုက ဗစ်တိုရီးယားပါလ်ဇန်အသင်း နှင့် ချန်ပီယံလိဂ်ပွဲစဉ်အထိ ဆက်လက်ကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း ထုတ်လွှင့်ကြေညာခဲ့ခြင်းဖြစ်သည်။ Cadena SER ၏ ကြေညာချက်အရ ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် ပွဲအပြီးတွင် အဝတ်လဲခန်းသို့သွားရောက်၍ လိုပယ်တယ်ဟီနှင့် နှစ်ဦးတည်း (၁၅) မိနစ်ခန့် ေတွ့ဆုံဆွေးနွေးပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်အထိ ဆက်လက်တာဝန်ယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လိုပယ် တယ်ဟီကလည်း ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ '' ဒါက နောက်ဆုံးမှစဉ်းစားရမယ့် ကိစ္စပါ။ ကျွန်တော်ကတော့ ကစားသမားတွေကို အမြန်ဆုံး စိတ်ဓာတ်မြှင့်တင်ပေးဖို့ပဲ တွေးထားတယ်။ လာမယ့်ရက်ပိုင်းမှာ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိတယ်။ ကျွန်တော်ကတော့ အရင်ကထက်တောင် စိတ်အားထက်သန်နေသေးတယ်။ ကစားသမားတွေဆီမှာလည်း ဒီလိုစိတ်ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော့်အသင်းက ကွင်းထဲမှာ အစွမ်းကုန်ကြိုးစားကြပါတယ်။ အဲဒီပွဲက အချိုးအကွေ့တစ်ခုဖြစ်လာမှာပါ'' ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် လီဗန်တေးအသင်းနှင့်ပွဲမှ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ၎င်းက '' ကျွန်တော်တို့က ဂိုးကန်သွင်းမှု (၃၄) ကြိမ်၊ (၃၅) ကြိမ်လောက်ရပြီး ဂိုးပေါက်တည့်တဲ့ကန်ချက် (၁၄) ကြိမ်ရှိတယ်။ ထောင့်ကန်ဘော (၉)ကြိမ်ရပြီး ဘားတန်းနဲ့တိုင်ထိတာ (၄)ကြိမ်နဲ့ ခွင့်ပြုမခံရတာ တစ်ဂိုးရှိတယ်။ ဘောလုံးပွဲတစ်ပွဲမှာ အချက်အလက်တွေကောင်းနေရုံနဲ့မရဘဲ ဂိုးတွေသွင်းနိုင်မှ အနိုင်ရတာပါ။ တိုက်စစ်ကစားတာကောင်းပေမယ့် အမှားတစ်ကြိမ်နဲ့ ဆုံးဖြတ်ချက်တစ်ကြိမ်ကြောင့် နစ်နာခဲ့ရပါ တယ်'' ဟု ပြောကြားသည်။ အသင်းခေါင်းဆောင် ရာမို့စ်ကလည်း ရလဒ်ပိုင်းဆိုးရွားမှုအတွက် နည်းပြတစ်ဦးတည်းကိုသာ အပြစ်မတင်သင့်ဟု တိုက်တွန်းပြောကြားသည်။

Most Read

Most Recent