CLMV နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် မြန်မာနိုင်ငံသို့ စီးဝင်သည့် FDI အရွယ်အစားမှာ ကျေနပ်အားရဖွယ် မရှိသေးသည့်အတွက် FDI စီးဝင်မှုများကို ထပ်မံချဲ့ထွင်ရန်လိုအပ်ဟု ဖော်ပြ

CLMV နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် မြန်မာနိုင်ငံသို့ စီးဝင်သည့် FDI အရွယ်အစားမှာ ကျေနပ်အားရဖွယ် မရှိသေးသည့်အတွက် FDI စီးဝင်မှုများကို ထပ်မံချဲ့ထွင်ရန်လိုအပ်ဟု ဖော်ပြ
ရန်ကုန်မြို့ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 21 October 2018
ဇေယျာငြိမ်း

CLMV နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသို့ စီးဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) အရွယ်အစားမှာ ကျေနပ် အားရဖွယ် မရှိသေးသည့်အတွက် FDI စီးဝင်မှုများကို ထပ်မံချဲ့ထွင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan (MIPP) တွင် ဖော်ပြ ထားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခု နှစ် စက်တင်ဘာလအကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ဒေါ်လာ ၇၇ ဒသမ ၇၄၀ ဘီလျံအထိသာ ဝင်ရောက်ထား ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။

CLMV သည် အာဆီယံဒေသတွင်းနိုင်ငံများအနက်  ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည့် နိုင်ငံများအဖြစ် သက်မှတ်ထားပြီး ယင်းနိုင်ငံများစာရင်တွင်း ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ ပါဝင်သည်။ ယင်းနိုင်ငံလေးခုအနက် ဗီယက်နမ်နိုင်ငံမှာ အဆိုပါ သက်မှတ်ချက်မှ လွတ်မြောက်သွားပြီ ဖြစ်သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၂၉ ဒသမ ၆၇၂ ဘီလျံ ကျော်အထိ ဝင်ရောက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ စုစုပေါင်းပမာဏများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ၂၈ ရာခိုင်နှုန်းဖြင့် ဝေစုအများဆုံးပါဝင်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှာ ၂၇ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် စက်မှုကုန်ထုတ်ကဏ္ဍမှာ ၂၀ ရာ ခိုင်နှုန်းဖြင့် တတိယအများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော်ဝင် ရောက်ခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံကျော် လျော့ကျနေသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ  ကြားကာလ ခြောက်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ သုံးဘီလျံအထိဝင် ရောက်ရန်လျာထားခဲ့ကြောင်း၊ ခြောက်လကုန်ဆုံးချိန်အထိ ဒေါ်လာ ၁ ဒသမ ၇၆ ဘီ လျံကျော်သာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ခြင်းဖြစ်သည်။

“သာမန်တွက်ရင် ဘဏ္ဍာနှစ်ကြီးပေါ့ ။ ကြားကာလ ခြောက်လကို သုံးဘီလျံတွက်ထားတာ။ ဒီနေရာမှာပြောစရာက အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာ တချို့လွဲမှားနေတဲ့အမြင်တွေ ဒါကတစ်ချက်၊ ဒီခြောက်လလုံးလုံးက မိုးတွင်းကာလဖြစ်သွားတော့၊ ဒီ ဘက်ခြောက်လနဲ့  ဟို ဘက်ခြောက်လမှာက Construction လုပ်ရတာတို့ Investment ဝင်ရတာတို့ ရှိတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက်ကို ဒေါ်လာ  ခြောက်ဘီလျံမျှော်မှန်းထားခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာဈေး မြင့်တက်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်မှုကျဆင်းနေသည့်အတွက် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျာထားချက်ကို ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအဖြစ် သတ်မှတ်ထားသည်။

“လာမယ့်၂၀၁၈-၂၀၁၉ မှာတော့ ၅ ဒသမ ၈ လောက်မှန်းတယ်၊ ဒါကိုအတည်ပြုဖို့ လုပ်နေတယ်။  Global Investment trend က ကျနေတယ်၊ ကျွန်တော်တို့က ဒီအချိန်မှာ ဒေါ်လာကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲလည်းရှိတာက ဒီဘက်မိုးတွင်းခြောက်လကတော့ နည်းမှာပဲ” ဟု ဦးသန်းအောင်ကျော်က ဆိုသည်။

Most Read

Most Recent