၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၈၁၃ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း နှစ်နှစ်ခွဲအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၁၈၉ ဘီလျံဝန်းကျင်ရှိလာ

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၈၁၃ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း နှစ်နှစ်ခွဲအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၁၈၉ ဘီလျံဝန်းကျင်ရှိလာ
Published 21 October 2018
စည်သူအောင်

၂၀၁၈ ခုနှစ် စက်တ်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၈၁၃ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၄၆၆ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၇၈၁၃၈၇၄ ဒသမ ၇၃၂ သန်းရှိသည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေးတွင်  ကျပ် ၄၁၆၄ ဒသမ ၈၁၈ ဘီလျံ (လုပ်ငန်း ၇၆ ခု)၊ ကုန်ထုတ်လုပ်မှုတွင် ကျပ် ၃၀၈၄ ဒသမ ၆၂၉ ဘီလျံ (လုပ်ငန်း ၈၂၂ ခု)၊  ပို့ဆောင်ဆက်သွယ်ရေးတွင် ကျပ် ၂၈၅၁ ဒသမ ၇၃၁ ဘီလျံ (လုပ်ငန်း ၅၀ ခု)၊  ဟိုတယ်နှင့် ခရီးသွားလာရေး တွင် ကျပ် ၁၈၄၁ ဒသမ ၁၇၁ ဘီလျံ (လုပ်ငန်း ၁၄၈ ခု)၊ ဆောက်လုပ်ရေးတွင် ကျပ် ၁၀၇၅ ဒသ မ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၆၂ ဒသမ ၉၀၃ ဘီလျံ (လုပ်ငန်း ၁၁ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၆၄၆ ဒသမ ၅၈၈ ဘီလျံ (လုပ်ငန်း ၁၇ ခု)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၁၇၃ ဒသမ ၂၇၅ ဘီလျံ (လုပ် ငန်း ၆၆ ခု)၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၅၃ ဒသမ ၅၇၈ ဘီလျံ (လုပ်ငန်း ၈၃ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁ ဒသမ ၈၉၃ ဘီလျံ (လုပ်ငန်း ၁၁ ခု) နှင့် အခြား ကဏ္ဍတွင် ကျပ် ၂၉၀၈ ဒသမ ၁၀၁ ဘီလျံ (လုပ်ငန်း ၁၁၄ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက်တမ်းနှစ်နှစ်ခွဲကာလအတွင်း ကျပ် ၆၁၈၉ ဘီလျံ ဝန်းကျင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။  ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယခင်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်း အဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။ ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့အစည်း အဝေးမှအတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က  သက်ဆိုင်ရာ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရအဖွဲ့သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)  က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့် ထုတ်ပေးကြောင်း သိရသည်။

Most Read

Most Recent