မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားရပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြထားဟုဆို

မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားရပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြထားဟုဆို
Published 3 November 2017

မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ယာစီမံကိန်းအား နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ကန်ထရိုက်လုပ်ငန်းရှင်များက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော်ခန့် ရင်းနှီးမြှုပ်နှံရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်းများရပ်နားထားရပြီး လုပ်ငန်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်ခွင့်ရရှိရန်အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ထံသို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က တင်ပြထားကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်ရှိ အကွက်အမှတ် (မမ-၂၈)၊ လုပ်ကွက် အမှတ် (၁) တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာလေးခန်းတွဲ RC (ခြောက်ထပ်) အဆောက်အအုံများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေးကုမ္ပဏီများအကြား သဘောတူစာချုပ်ချုပ်ဆို၍ ၂၀၁၆ ခုနှစ် စက်တင်ဘာလခန့်မှစတင်ကာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိုသို့ လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာ လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ဘဏ်ချေးငွေမရရှိခြင်းနှင့် ငွေကြေးကျပ်တည်းမှု ပြဿနာများကြောင့် ဆောက်လုပ်ဆဲ တိုက်ခန်းအများအပြား ရပ်ဆိုင်းထားရသဖြင့် ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ကြီးတို့ထံသို့ ဘဏ်ချေးငွေရရှိနိုင်ရန်အတွက် ထောက်ခံကူညီပေးနိုင်ရန် အောက်တိုဘာ ၃၀ ရက်က စာတင်ပြမှု ပြုလုပ်ထားကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

“ကျွန်တော်တို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတာ ၁၀ လလောက်ရှိသွားပြီ။ အချို့ဆိုရင် တစ်နှစ်လောက်ရှိနေပြီ။ အဓိက,က ဘဏ်ချေးငွေမရတော့ လုပ်ငန်းဆက်လုပ်ဆောင်ဖို့အတွက် ငွေကြေးရင်းနှီးမြှုပ်နှံဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ ဆောက်လုပ်ဆဲ ရပ်တန့်ထားရတဲ့ တိုက်ခန်းအလုံးရေက ကျွန်တော်တို့ သိရသလောက်က အလုံးရေ ၇၀ အထက်မှာ ရှိပါတယ်။ ကျွန်တော်တို့ကို ဘဏ်တစ်ခုကနေ ငွေချေးပေးဖို့ ကမ်းလှမ်းထားတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ငွေအကျေပြန်ဆပ်နိုင်မယ့်ကာလကို မပြောနိုင်ဘူး။ နောက်တစ်ခုက စာချုပ်ထဲမှာက တိုက်ခန်းတွေ ဘယ်အချိန်မှာ ရောင်းချနိုင်မယ်။ ငွေကိုဘယ်အချိန်မှာ ရနိုင်မယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်မပါဘူး။ ဘဏ်တွေအနေနဲ့ကလည်း ငွေချေးပေးဖို့အတွက် ပြန်ဆပ်ပေးနိုင်တဲ့ အချိန်နဲ့ သက်ဆိုင်ရာလုပ်ငန်းအပ်နှံသူ စည်ပင်သာယာရေးကော်မတီရဲ့ ထောက်ခံချက် လိုအပ်တယ်။ အခုရက်ပိုင်းထဲမှာပဲ စည်ပင်သာယာက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးတယ်။ ညှိနှိုင်းအဆင်ပြေမှု မရသေးပါဘူး။ ဒါကြောင့် ဘဏ်ချေးငွေနဲ့ လုပ်ငန်းဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ဆီကို စာတင်ပြ အကူအညီ တောင်းခံထားပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရသည့် လုပ်ငန်းရှင်အချို့က ပြောကြားသည်။

အဆိုပါ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်း၌ လက်ရှိအချိန်တွင် ဆောက်လုပ်ဆဲ တိုက်ခန်းအလုံးရေ ၇၀ ကျော် လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အချို့တိုက်ခန်းများသာ ဆက်လက်ဆောက်လုပ်နေဆဲဖြစ်သော်လည်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကန်ထရိုက် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကန်ထရိုက်လုပ်ငန်းရှင်များအကြား နားလည်မှု စာချုပ်ချုပ်ဆိုထားရာတွင် တည်ဆောက်ရေး လုပ်ငန်းသတ်မှတ်ထားသည့်ကာလမှာ ၂၀၁၆ ခုနှစ် ဧပြီလတွင် လုပ်ငန်းစတင်ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် လုပ်ငန်းပြီးစီးရမည့်ရက်အား သတ်မှတ်ထားသည်ကို တွေ့ရသည်။ တည်ဆောက်ပြီးကာလ အတွင်း လုပ်ငန်းအာမခံ ကာလမှ တစ်နှစ်ဖြစ်ပြီး တစ်နှစ်ပြည့်ပြီးပါက စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ပြင် စီမံကိန်းလုပ်ငန်းမှ အကျိုးအမြတ်ခွဲဝေမှုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချသောတိုက်ခန်း၏ ရောင်းရငွေ တန်ဖိုးမှ Infrastructure တန်ဖိုးအား ချန်လှပ်၍ ကျန်ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။ တိုက်ခန်းများကို လုပ်ငန်းအပ်နှံထားသူ၏ အစီအမံဖြင့်သာ ရောင်းချမည်ဖြစ်ကာ လုပ်ငန်းလက်ခံလုပ်ကိုင်သူက ရောင်းချခွင့်မရှိပေ။ ထို့ပြင် စာချုပ်ချုပ်ဆိုခဲ့စဉ်က လုပ်ငန်းလက်ခံသူသည် လုပ်ငန်းအပ်နှံသူ၏ စာချုပ်ပါလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်းနှင့် ငွေကြေးအင်အား ခိုင်မာတောင့်တင်းကြောင်း အသီးသီး တာဝန်ယူ အာမခံမှုပြုလုပ်ထားသည်။ ဆောက်လုပ်နေသည့် RC (ခြောက်ထပ်) အဆောက်အအုံတစ်လုံး၏ ရေ၊ မီး အပါအဝင် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ပေါင်း ၃၉၀၀ ကျော်ဖြစ်ပြီး အဆောက်အအုံ ၁၀ လုံး၏ ခန့်မှန်းကုန်ကျငွေတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၉၀၀၀ ကျော်ဖြစ်ကြောင်း လုပ်ငန်းအပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်အလက်များအရ သိရသည်။

အဆိုပါ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းအား အစိုးရအကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယခင်အစိုးရလက်ထက်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေး ကုမ္ပဏီများအကြား သဘောတူစာချုပ်ချုပ်ဆို၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent