မြန်မာ့အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မိတ်ဆွေနိုင်ငံများဖြင့် ပူးပေါင်းကာ ဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ့အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မိတ်ဆွေနိုင်ငံများဖြင့် ပူးပေါင်းကာ ဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 19 October 2018
 ဆန်းထူးအောင်

မြန်မာ့အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မိတ်ဆွေနိုင်ငံများဖြင့် ပူးပေါင်းကာ ဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Nikolay Listopadov နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လအတွင်း မိမိ၏ ရုရှားခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ရုရှားနိုင်ငံအနေဖြင့် နားလည်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိပြီး မိတ်ဆွေကောင်းနိုင်ငံတစ်ခုလည်း ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်း ဦးစွာ ပြောကြားခဲ့သည်။

ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ပြောဆိုချက်များသည် ဖြစ်စဉ်မှန်များပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်၏ပြောဆိုချက်၊ ထုတ်ပြန်ချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် တပ်မတော်တိုင်းသည် မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံအပေါ် နည်းမျိုးစုံ အကြောင်းပြလျက် မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကို နိုင်ငံတကာက လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် လူတစ်ဦးတစ်ယောက်ချင်း၏ ရပိုင်ခွင့်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ မှန်ကန်စွာ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးမရှိလျှင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်မည် မဟုတ်ကြောင်း၊ ပြဿနာများကို ဖန်တီးနေ၍ ငြိမ်းချမ်းရေးကို ထိခိုက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ငြိမ်းချမ်းရေးမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သည့်၊ နိုင်ငံတော်က အားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိသည့်အတွက် ပြည်သူက ရွေးချယ်ထားသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။                

Most Read

Most Recent