၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရန် ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူကို ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရန် ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူကို ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်
Published 31 October 2017

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် ရန်ကုန်မြို့၌ အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူကို ပန်းဘဲတန်းမြို့မရဲစခန်းက ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဦးမိုးသူက ပြောကြားသည်။

ဦးမိုးသူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် သိမ်ကြီးဈေးမှ မဟာဗန္ဓုလမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်စဉ် တာဝန်ရှိသူများက လာရောက်ဖမ်းဆီးကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပုဒ်မ ၁၉ နဲ့အမှုဖွင့်တယ်။ ခံဝန်တော့မထိုးဘူးလို့ ဖမ်းချင်လည်း တစ်ခါတည်းဖမ်း အင်းစိန်ပို့မယ်ဆိုလည်း ပို့လို့ပြောတော့ အဲဒီလိုလုပ်လို့မရဘူး။ စိတ်လျှော့ပါဆိုပြီး ကျွန်တော့်လူတွေကလည်း ဝိုင်းပြောတော့ ခံဝန်နဲ့ပဲ ပြန်လွတ်လာတာပါ။ ပြန်လွတ်လာတာတော့ ၁ နာရီခွဲလောက်က ပြန်လွတ်လာတာပါ” ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ဦးမိုးသူက ပြောကြားသည်။

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရာတွင် ဦးမိုးသူက “၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝလက်မခံပါနဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝရှုတ်ချပါ။ ၂၀၀၈ ဖွဲ့စည်းပုံအလိုမရှိ” ဆိုသည့် ဟောပြောချက်နှင့် ကြွေးကြော်သံများကို ပြောကြားခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးဖျက်သိမ်းပေးဆိုသည့်စာတန်းကို လည်ပင်းတွင် ချိတ်ဆွဲဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ဦးမိုးသူအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးအကြောင်းကြားထားခြင်းမရှိကြောင်း ဦးမိုးသူက ပြောကြားသည်။

Most Read

Most Recent