ဘဏ်စာရင်းမရှိသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ၂၄ နာရီရရှိမည်ဖြစ်ပြီး အီလက်ထရွန်နစ် ငွေပေးချေမှုများ ပိုမိုတိုးတက်စေရန် ဆောင်ရွက်မည်

ဘဏ်စာရင်းမရှိသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ၂၄ နာရီရရှိမည်ဖြစ်ပြီး အီလက်ထရွန်နစ် ငွေပေးချေမှုများ ပိုမိုတိုးတက်စေရန် ဆောင်ရွက်မည်
Published 29 October 2017

ဘဏ်စာရင်းမရှိသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ၂၄ နာရီရရှိမည်ဖြစ်ပြီး အီလက်ထရွန်နစ် ငွေပေးချေမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ၏ ဖြေကြားချက်အရ သိရသည်။

eBanking စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက်တွင် အီလက်ထရွန်နစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက်များကို လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် Mobile Banking ညွှန်ကြားချက်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းကိုလည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဘဏ် ၂၆ ဘဏ်တွင် Core Banking စနစ်များ တပ်ဆင်ပြီးဖြစ်သောကြောင့် Internet Banking နှင့် Mobile Banking ဝန်ဆောင်မှုများကို စတင်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။ အခြားကျန်ရှိနေသေးသည့် ဘဏ်များအနေဖြင့်လည်း Core Banking စနစ်များတပ်ဆင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အင်တာနက်ဘဏ်စနစ်နှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှုများကို သုံးစွဲမှုများပြားလာပြီး ဆက်သွယ်ရေးအော်ပရေတာများက ဝန်ဆောင်မှုပေးလာသည့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများမှာလည်း ကျေးလက်ဒေသများသို့ ဖြန့်ကြက်လာကြောင်း သိရသည်။

Mobile Banking နှင့် Internet Banking တို့အပြင် ဘဏ်များအား နိုင်ငံတကာ Credit ကတ်များဖြစ်သည့် Visa၊ Master၊ UPI၊ JCB စသည့် Credit ကတ်များ ထုတ်ဝေခွင့်ကိုလည်း ခွင့်ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

၎င်းကတ်များသည် ယခင်ထုတ်ဝေထားခဲ့သည့် PrePaid Card နှင့် Debit Card များကဲ့သို့ ကြိုတင်ဒေါ်လာ ထည့်ထားခြင်းနှင့် မိမိဘဏ်စာရင်း၌ ငွေဖြည့်ထားခြင်းဖြင့် နိုင်ငံတကာတွင် ငွေပေးချေမှုများကို ပြုလုပ်နိုင်ကြောင်း သိရသည်။ ယင်းနိုင်ငံတကာ Credit ကတ်များဖြင့် ပြည်ပနိုင်ငံများတွင် ငွေပေးချေခြင်း၊ အင်တာနက် eCommerce စနစ်များမှတစ်ဆင့် ပစ္စည်းမှာယူခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

စုဆောင်းငွေများ၊ ငွေပေးချေမှုများ၊ ငွေလွှဲပို့မှုများနှင့်ပတ်သက်၍ လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်ရန်အတွက် ဘဏ်များကို ညွှန်ကြားထားကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် နိုင်ငံသားများ၏ စုဆောင်းငွေနှင့် လွှဲပို့ငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ထားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းလင်းဖြေကြားသည်။

Most Read

Most Recent