အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့် စပ်လျဉ်း၍ KNU သဘောထားထုတ်ပြန်

အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့် စပ်လျဉ်း၍ KNU သဘောထားထုတ်ပြန်
Published 18 October 2018

အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့် စပ်လျဉ်း၍ KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ် ကော်သူးလေက အောက်တိုဘာ ၁၇ ရက်တွင် သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်၌ ယင်းအစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံ သုံးကြိမ်ထက်မနည်းကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ချမှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့သော်လည်း KNU အနေဖြင့် ဘုံရည်မှန်းချက်နှင့် မျှဝေထားသော ဘုံစံတန်ဖိုးများအား အခြေခံသည့် ဆွေးနွေးပွဲများကို အခြေခံပြီး သွားမှသာလျှင် အထက်ပါ မျှော်မှန်းချက်များ အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ (Package Deal) သည် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ခြင်းအပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် နှစ်ဖက်ယုံကြည်စိတ်ချနိုင်သော နည်းလမ်းများကို ရှာဖွေဖြေရှင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးအတွက် မူချမှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးသည် နိုင်ငံတကာကျင့်သုံးမှုပုံစံ (International Practice) အဖြစ် မိမိတို့အနေဖြင့် လက်ခံကျင့်သုံးမည် ဖြစ်သော်လည်း တစ်ခုတည်းသော တပ်မတော်ကိစ္စနှင့် NCA တွင်ဖော်ပြထားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်တို့ကို တစ်ပေါင်းတည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရေး အခရာကျသည့်အတွက် KNU အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သက်ဆိုင်ရာ Stakeholder များနှင့် ညှိနှိုင်းဆောင်ရွက် အဖြေရှာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှုအဖြစ် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန်နှင့် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေး သဘောတူညီချက်များဖြင့် ဖြေရှင်းရန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်တို့သည် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။

Most Read

Most Recent