၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် လူမျိုးမတူမှုအပေါ် အခြေခံ၍ လှုံ့ဆော်ပြောဆိုမှုအချို့ ရှိခဲ့ကြောင်း အစီရင်ခံစာတစ်စောင်၌ ဖော်ပြ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် လူမျိုးမတူမှုအပေါ် အခြေခံ၍ လှုံ့ဆော်ပြောဆိုမှုအချို့ ရှိခဲ့ကြောင်း အစီရင်ခံစာတစ်စောင်၌ ဖော်ပြ
Published 17 October 2018
 မြင့်သူ 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် လူမျိုးမတူမှုအပေါ် အခြေခံ၍ လှုံ့ဆော်ပြောဆိုမှုအချို့ ရှိခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ်အဖွဲ့တို့မှ ပူးပေါင်းထုတ်ပြန်သည့် မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း ကနဦးအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ရန်ကုန်မြို့ Park Royal Hotel တွင် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့နှင့် ဖန်တီးအိမ်အဖွဲ့တို့၏ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှု ကနဦးတွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား၌ ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  

မဲဆွယ်စည်းရုံးရေးကာလ သီတင်းပတ် ငါးပတ်အတွင်း PACE နှင့် ဖန်တီးအိမ်အဖွဲ့တို့မှ ကာလရှည်စောင့်ကြည့် လေ့လာသူများက စောင့်ကြည့်လေ့လာနေစဉ်ကာလအတွင်း စုဝေးဟောပြောမှုများနှင့် တွေ့ဆုံမေးမြန်းမှုများအရ ကိုယ်စားလှယ်လောင်းတစ်ဦးဦးက အခြားကိုယ်စားလှယ်လောင်းနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး အပုပ်ချပြောဆိုမှု၊ အုံကြွအောင် ပြုလုပ်မှုများ မရှိသော်လည်း လူမျိုးမတူမှုအပေါ် အခြေခံပြီး လှုံ့ဆော်ပြောဆိုမှု ခြောက်ခုရှိသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“ပါတီအမျိုးအစား လေးမျိုးစလုံးကို ခွဲခြားပြီးတော့ သူတို့တွေ ဘာတွေလုပ်လဲဆိုတာကို စောင့်ကြည့်တယ်။ အဲဒီမှာ လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ ပါတီအမျိုးအစားလေးမျိုးစလုံးက ဆောင်ရွက်တာကို တွေ့ရပါတယ်။ အဲဒီမှာ သုံးခုက ပါတီကြီးဆိုတဲ့ အမျိုးအစားက ဆောင်ရွက်ခဲ့တယ်ဆိုပြီးတော့ တွေ့ရတာ ဖြစ်ပါတယ်။ Case တစ်ခုချင်းစီမှာတော့ ဘယ်သူက ကျူးလွန်နေတယ်။ ဘာတွေကျူးလွန်တယ် ဆိုတာမျိုးတော့ Report မှာ ဖော်ပြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပုံစံအရဆိုရင် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ခဲ့တယ်၊ ပြုမူခဲ့တယ်ဆိုတာကိုပဲ ဖော်ပြပြီးတော့မှ ဒီလိုကိစ္စမျိုးတွေ နည်းနိုင်သမျှနည်းအောင် ဆက်လက်တိုက်တွန်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့၏ စီမံကိန်း အစီအစဉ် မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောကြားသည်။ 

ထို့ပြင် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် မေးမြန်းရာတွင် တရားဝင်တိုင်ကြားမှုများ ရှိသည်ကို တွေ့ရပြီး တိုင်ကြားသော အကြောင်းရင်းများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ မဲဆွယ်စည်းရုံးရေးပစ္စည်း ဖျက်စီးခံရမှုများ၊ NLD ပါတီ၏ မဲဆွယ်စည်ရုံးရေးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ရုပ်ပုံများ အသုံးပြုသည်ဟူသော စွပ်စွဲချက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ကိုယ်စားလှယ်လောင်းတစ်ဦးကို ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြောဆိုမှုနှင့် နိုင်ငံပိုင်အရင်းအမြစ်များကို မဲဆွယ်စည်းရုံးရာတွင် သုံးစွဲခြင်းစသည့် အကြောင်းအရာများဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ 

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့နှင့် ဖန်တီးအိမ်အဖွဲ့တို့၏ စောင့်ကြည့် လေ့လာခဲ့သည့် မဲဆန္ဒနယ်မှာ ၁၂ နေရာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှအပ ကျန်သည့်နေရာများတွင် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးကာလပြီးသည်အထိ ဆက်လက်စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။    

Most Read

Most Recent