လောကကိုစောင့်ရှောက် နာယကဂုဏ်မြောက်

လောကကိုစောင့်ရှောက် နာယကဂုဏ်မြောက်
အခြေခံပညာ အထက်တန်း ကျောင်းသားကျောင်းသူများအား စာသင်ကြားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အခြေခံပညာ အထက်တန်း ကျောင်းသားကျောင်းသူများအား စာသင်ကြားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 17 October 2018
ရဲထွတ်နီ

လောကကြီးကို လောကပါလပုဂ္ဂိုလ်များ စောင့်ရှောက်ကြတယ်လို့ ယုံကြတယ်ဗျ။ 

အလှူအတန်းစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုကြတဲ့အခါ သမ္မာဒေဝနတ်ကောင်း နတ်မြတ်များ လောကပါလ ပုဂ္ဂိုလ်များကိုပါ ထည့်ပြီး အမျှအတန်းဝေပါတယ်။ တစ်ခါ အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်နဲ့ အောက်အရပ်၊ အထက်အရပ် အသီးသီးကို စောင့်ရှောက်ကြတဲ့ နတ်မင်းအပေါင်းကိုလည်း ဘေးရန်ကင်းကြပါစေ  စိုးရိမ်ခြင်းကင်းကြပါစေလို့ မေတ္တာပို့ကြပါတယ်။ 

သြကာသလောက၊ သတ္တလောက၊ သင်္ခါ ရလောက၊ လောကသုံးရပ်ဖြစ်ပြီး အချုပ်ကတော့ တရားဓမ္မက လောကအားလုံးကို စောင့်ပါတယ်။ 

မမြင်ရတဲ့ ပုဂ္ဂိုလ်ရော မြင်ရတဲ့ပုဂ္ဂိုလ်တွေကပါ လောကကိုချစ်လို့ စောင့်ရှောက်ကြတာပါ။ မိဘဘိုးဘွားလူကြီးသူမတို့ဟာ သားသမီး မြေးမြစ် စတဲ့လူငယ်မျိုးဆက်တွေကို ချစ်လို့ စောင့်ရှောက်ကြတာပါ။ ချစ်ရမှာလည်း မဟုတ်ပါလား။

စောင့်ရှောက်ကြတာဟာ မပျက်စီး အောင်ဖြစ်ပါတယ်။ 

သားသမီး လူငယ်တွေကိုလည်း မပျက်စီးစေချင်ဘူး။ 

လောကကိုလည်း မပျက်စီးစေချင်ပါ။ 

သက်ရှင်နေထိုင်ရ ရှုမြင်နေရတဲ့ လောကကြီးဟာ စည်ပင်ဖွံ့ဖြိုးမှုနဲ့ သာယာလှပငြိမ်းချမ်းကြရင် လူတွေစိတ်နှလုံးချမ်းမြေ့ပြီး ပျော်မွေ့ဖွယ်လောက ဖြစ်တော့တာပါ။ နေချင့်စဖွယ် လောက ဖြစ်တော့တာပါ။ 

ဒီလိုဖြစ်အောင် ဘယ်သူတွေက လောကကို စောင့်ရှောက်ကြမှာလဲ။ ဆိုထားပြီး ကိုယ်ကိုယ်တိုင်လည်း ပါတာပါ။ 

မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို ချန်လှပ်ရင် အချင်းချင်း အပြန်အလှန် မြင်မြင်နေကြတဲ့ လူတွေကပါပဲလို့ ဆိုရပါမယ်။ 

စောင့်ရှောက်တာဟာ ချစ်လို့ဆိုပေမဲ့ မချစ်လည်းဘဲ စောင့်ရှောက်ရမှာပါ။ ဒါကတော့ တာဝန်ဖြစ်ပြီလို့ ယူရပါမယ်။ ဒီလိုတာဝန်ဖြစ်တယ်ဆိုတာကို မြန်မာမှုမှာ ပြဋ္ဌာန်းထားရှိပြီးသားလို့ ဆိုနိုင်ပါတယ်။ 

သည်းခံခြင်း၊ သတိနိုးကြားခြင်း၊ ထကြွ လုံ့လရှိခြင်း၊ သနားကြင်နာခြင်း၊ 

ဤကျင့်ဝတ်ခြောက်ပါးတို့သည် ‘မင်း’ စသော ‘လူကြီး မိဘ’ တို့၏ ဂုဏ်ကျေးဇူးတို့ တည်း ...လို့ ဆိုပါတယ်။ ဒါဟာ နာယကဂုဏ် ခြောက်ပါးဖြစ်ပါတယ်။ 

နာယကဖြစ်ကြတဲ့ လူကြီးတွေဟာ တပည့်သားမြေးတို့အပေါ်မှာ ဒီလိုကျင့်ဝတ်ကို ‘ကျေးဇူးဂုဏ်’ ဖြစ်အောင် ကျင့်ဆောင်နိုင်ကြပြီဆိုရင်တော့ လောကကို စောင့်ရှောက်ပြီးသားပဲပေ့ါ။ 

တပည့်၊ သားမြေးအဆင့်ကနေ ထပ်ဆင့်လွှမ်းခြုံရင်တော့ ပြည်သူ ပြည်သားတွေအပေါ်မှာ ကျေးဇူးဂုဏ်ဖြစ်အောင် အဲဒီကျင့်ဝတ်ကို ကျင့်ဆောင်ကြရမှာပါ။ 

‘မင်း’ စတဲ့ လူကြီးမိဘဆိုတဲ့ ‘နာယက ပုဂ္ဂိုလ်’ တို့ဟာ အသိဉာဏ် ငါးပါးလည်း ရှိရပါ မယ်တဲ့။ ပြည့်စုံရပါမယ်တဲ့။ 

- အကျိုးစီးပွား ရှိမဲ့ကို သိရမယ။် 

- တရားကောင်းနဲ့ ညီ၊ မညီသိရမယ်။ (ခေတ်စကားနဲ့ နားလည်ရရင် ပြဋ္ဌာန်းဥပဒေ တရားနဲ့ ညီ၊ မညီပေ့ါဗျာ)

- အတိုင်းအရှည်ကို သိရမယ်။ (ဒါလည်းပဲ စည်းကမ်း၊ နည်းလမ်းပြဋ္ဌာန်းမှုအရ ဆောင်ရွက်နိုင်ပါလျက် အပြစ်ကြီးပေးချင်လို့ နှိပ်ကွပ်ချင်တာမျိုးမဖြစ်အောင် အတိုင်းအဆကို သိပါ၊ ရှိပါလို့ဆိုတာ)

- အချိန်အခါ  သင့် မသင့် သိရမယ်။ (ဒီအချက်ဟာလည်း ငါရာထူးရပြီပဲ၊ ငါ နှိပ်ကွပ် ကွပ်မျက်နိုင်တဲ့ အချိန်အခါပေါ့လို့ သဘောမထားအောင်ဖြစ်ပါတယ်။ လူကြီးဆိုတာ သဘောထားကြီး)

- ပရိသတ်လူထုရဲ့ စိတ်ထားကို သိရမယ်တဲ့။ 

မြန်မာမှုမှာ နှစ်ဖက်လာဘ်စား တရားကျေအေးတာရှိပါတယ်။ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေလို့ဆိုတဲ့ တရားလမ်း ညွှန်ရှိပါတယ်။ မြန်မာ့စိတ်ရင်းဟာ ဘာလဲ။ 

အခုလို နာယကဂုဏ်အတွက် ကျင့်ဝတ်နဲ့ ရှိရမယ့် အသိဉာဏ် အသိတရားကိုကြည့် ရင် ဘယ်လိုအပြုအမူတွေဟာ လောကကို စောင့်ရှောက်ရာရောက်တယ်၊ မစောင့် ရှောက်ရာကျတယ်ဆိုတာ သိနိုင်ကြမှာပါ။ 

အခုလို ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အခါသမယဆိုတာ သားသမီးမြေးမြစ် တပည့် လူငယ် လူရွယ်တွေက လူကြီးမိဘ ဆရာသမား ဘိုးဘွားတို့ကို ဂါရဝပြု ပူဇော်ကန်တော့ကြတဲ့ အခါသမယပါ။ 

မြန်မာမှုမှာ ‘မိဘ’ နဲ့ ‘ဆရာ’ဟာ’ဘုရား’ နဲ့ တစ်ဂိုဏ်းတည်းလို့ ခံယူပါတယ်။ မြင့်မြတ် ကောင်းမွန်လှပါ့ဗျာ။ ဒါကြောင့် နေ့စဉ် ညတိုင်း ဘုရားရှိခိုးရင် မိဘတွေကိုလည်း ရှိခိုးရာ ရောက်၊ဆရာတွေကိုလည်း ရှိခိုးရာရောက် ပါတယ်။ မိဘဆရာတွေကို ရှိခိုးသမှုဟာ အခြားကမ္ဘာမှာတောင် မရှိဘူးလို့ ဂုဏ်ယူပြီး ဆိုကြတာပါပဲ။ 

တပည့် သားမြေးတွေက ဒီလို အစဉ်အလာကို အလေးအမြတ်ခံယူသလို လူကြီး မိဘဆရာသမားတို့ကလည်း လူကြီးပီသကြ ဖို့ လိုပါတယ်။ 

‘ဆရာလွှတ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်း’ မြန်မာမှု ဆိုရိုးစကားတစ်ခွန်းက ဒီလို ဆိုပါတယ်။ အဓိပ္ပာယ် အနက်အဖွင့်က သိကြတဲ့အတိုင်း မျဉ်းလွှတ်ပြီး စာရေးတဲ့အခါ စာကြောင်း မဖြောင့်မတန်းဖြစ်တတ်သလို ဆရာ ကောင်းကို အားမကိုးတဲ့အခါ ရိုင်းစိုင်းတတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ 

အပြန်အားဖြင့်  ဆရာဆိုတာ တပည့်လူငယ်တွေ အားကိုးအားထားဖြစ်ဖို့ ဆရာကောင်းဖြစ်နေအောင် ကျင့်ရမှာပါ။ ဆရာကောင်းတွေ မဖြစ်ကြရင်တော့ တပည့်တွေ ရိုင်းနေကြတော့မှာပါပဲ။ တပည့် သားမြေး ဆိုတာတွေကလည်း စာရေးတဲ့အခါ မျဉ်းကို  မလွှတ်သင့်သလို ဆရာကောင်းကိုလည်း မလွှတ်ပါစေနဲ့တဲ့။ လမ်းညွှန်ဆိုရိုးပြုပါတယ်။ 

တစ်ခါ ‘အငယ်တည်းက မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်၏’ တဲ့ မိဘတို့ကို ဆိုပြန်ပါတယ်။ သားသမီးတွေကို မဆုံးမရင် လောကကို စောင့်ရှာက်ရာကော ရောက်ပါ့ မလား။ ဆိုဆုံးမတယ်ဆိုတာလည်း မပျက်စီး အောင်လို့ စောင့်ရှောက်တာပဲလေ။  

ကျောင်းမှာ  ဆရာတွေကို ပူဇော်ကန်တော့ကြပါတယ်။ 

အရပ်မှာ အိမ်မှာလူကြီးမိဘတွေကို ပူဇော်ကန်တော့ကြပါတယ်။ 

ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ အဘိုး အပြောခံရတာ အမှတ်ရမိပါတယ်။ 

အဖေ့ဘက်က အဘိုးနဲ့ အဘွားဟာ ကျွန်တော်တို့နဲ့အတူ နေပါတယ်။ အဖေဟာ အမေ့ကို ပစ်ခဲ့ပေမဲ့ အမေကတော့ သူ့ရဲ့ ယောက္ခမတွေကိုခေါ်ပြီး ဇာတိကနေ ရန်ကုန်ကို ပြောင်းလာ စွန့်လာခဲ့တာ။ 

ရန်ကုန်မှာ ကျွန်တော်တို့ဦးလေးအရင်း (အဘိုးရဲ့ သားငယ်) ရှိတယ်။ အဘိုးဟာ မနက် မနက်ဆိုရင် ဆန်ပြုတ်သောက်၊ လမ်းလျှောက် ထွက်တတ်ပြီး သားငယ်အိမ်ကိုလည်း ဝင်တတ်ပါတယ်။ 

တစ်ခုသော အခုလို ဝါကျွတ်ကာလ၊ အဲဒီ အိမ်ကိုရောက်ရင်း မြေးတွေကိုတွေ့ တော့ ‘ကဲ မြေးတွေ လာကြ ဝါကျွတ်ပြီ အဘိုးကို လာကန်တော့ကြ’ လို့ ခေါ်မိသတဲ့။ မြေးတွေက အဘိုးရှေ့ရောက်လာပြီး ကန်တော့ ကြပါတယ်။ 

ဒါပေမဲ့ သူတို့မိခင်ဖြစ်တဲ့ ကျွန်တော်တို့ အဒေါ်က ‘အဘိုးကြီး ကန်တော့ခံချင်လိုက်တာ’ လို့ ကဲ့ရဲ့ စကားတင်းဆိုသတဲ့။ 

အဘိုးဟာ သူ့မြေးတွေကို ရှေးထုံးအစဉ်အလာကို သိစေချင်တာလည်း ဖြစ်နိုင်တယ်။ ပူဇော်ကန်တော့တာဟာ ဝတ္ထုပူဇော်ဖွယ်တွေ နဲ့မှ မဟုတ်ဘူးလို့ သိစေချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ချွေးမငယ်ရဲ့ မနောနဲ့ အပြောကို ခံလိုက်ရပါတယ်။ 

‘အဘိုးကြီးကလည်း ကန်တော့ခံချင်လိုက်တာ’ တဲ့။ 

အဲဒီ ကျွန်တော်တို့အဒေါ်ဆိုတာ ဦးလေးနဲ့ အိမ်ထောင်မဖြစ်ရင်လည်း အဒေါ်တော်စပ်ပါသတဲ့။ အဘိုးရဲ့ တူမတစ်ယောက် ဖြစ်တယ်ဆိုလားပါပဲ။ 

‘ဆရာနှစ်ပါး၊ အယူပြား၊ နောက်သား ခက်စရာ’ တဲ့ ဆိုရိုးပြုပြန်ပါတယ်။ နောက်နှစ် သီတင်းကျွတ်ရင် အဘိုးကို သွားကန်တော့ ရမလား၊ မကန်တော့ရဘူးလား... မြေးတွေမှာ ဖြစ်နိုင်ပါတယ်။ 

ဒီနေရာမှာ စကားစပ်လို့ စကားတစ်ခွန်း ပေါ်လွင်ထင်ရှားဖို့ ကောင်းလှလို့ ပြောချင်ပြန်ပါတယ်။ 

‘ဆရာမှန် အလံမစိုက်နဲ့’ တဲ့။

ဆရာကောင်းမှန်ရင် အရည်အချင်း ပြည့်စုံသူဖြစ်တယ်ဆိုရင် အလံစိုက်ထူစရာ  မိမိမှာ ဂုဏ်ရှိတယ်လို့ ကြေညာထုတ်ဖော် နေစရာမလိုပါဘူးတဲ့။ မသင့်ပါဘူးတဲ့။ 

ဒါပေမဲ့ လောကမှာတော့ အကျွနု်ပ်က ဆရာပဲ။ ငါဆရာပဲဆိုပြီး လုပ်နေကြတာ တွေ့နေရတာ အနမတဂ္ဂလို့ ဆိုနိုင်တာပဲ မဟုတ်လားဗျာ။ ကျွန်တော်တို့ ငယ်ငယ်က ဆရာတွေဟာ တပည့်ကို ‘စာတတ်’ အောင် ‘စာချစ်’အောင် သင်ပြပေးခဲ့ကြလို့ အခုထက်တိုင် ကျွန်တော်တို့ ချစ်ခင်လေးစားရိုသေမှု တိုးလာရပါတယ်။ 

မျက်မှောက်မှာတော့ တက္ကသိုလ်ဌာန မှာ ကိုယ်လုပ်ခဲ့တဲ့ ရာထူးတွေဖော်ပြ၊ စာစစ်တာ ဝါရင့်ပါလို့ ကြော်ငြာကြပြီး စာအုပ်ထုတ်ရောင်း၊ ဝိုင်းကျောင်းထောင်တာမျိုးဟာ အလံစိုက်နေကြတာမျိုးလားလို့ သံသယဖြစ်မိတယ်ဗျာ။ သူတို့တွေ ပိုက်ဆံယူကြတာ သူတို့ တွေ ငွေရကြတာတွေကို သူတို့ရဲ့ တပည့်တွေ ဟာလည်း တစ်ချိန်မှာ သူတို့လိုပဲ အလံတွေ စိုက်ကြဦးမှာလား။ 

လောကကို စောင့်ရှောက်အပ်သူများဟာ လောကကို မဖျက်ဆီးအပ်ပါဘူး။ 

လောကမှာ တပည့်ဟာ ဆရာ့ထက် လက်စောင်းထက်သွားစေဖို့ လူကြီးမိဘစိတ် ဆရာစိတ်တွေနဲ့ တပည့်သားမြေးတို့ကို ချစ်ခင်စောင့်ရှောက်ပျိုးထောင်သွားခဲ့ကြသူ မြတ်ဆရာ၊ မြတ်လူကြီးမိဘများဟာ ကိုယ့်မှာ ချို့တဲ့ဆင်းရဲလည်း မဖောက်ပြန်ခဲ့ကြပါဘူး။ 

ဒါကြောင့် သူတို့ကို သူတို့ရဲ့ တပည့်သားမြေးတို့က ရှိခိုးကန်တော့ ပူဇော်ကြလေတိုင်း အလေးအမြတ်နှစ်ကာစွာ ဂါရ၀ နိဝါတနဲ့ပါပဲ။

အဲဒီမရှိတတ်တဲ့နေရာနဲ့ ပုဂ္ဂိုလ်တွေမှာ ‘ရှိသာခိုး အငြိုးနဲ့’ ဆိုသလို ဖြစ်နိုင်တာ ဆင်ခြင်သတိပြုသင့်ကြပါရဲ့။

    

Most Read

Most Recent