ရေနွေးငွေ့စက်ခေါင်းကြီးဖြင့် ငယ်ဘဝသို့ ခုတ်မောင်းခြင်း

ရေနွေးငွေ့စက်ခေါင်းကြီးဖြင့် ငယ်ဘဝသို့ ခုတ်မောင်းခြင်း
မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသော  ရထားတစ်စင်းကို တွေ့ရစဉ်
မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသော  ရထားတစ်စင်းကို တွေ့ရစဉ်
Published 17 October 2018
ကျော်ကျော်(မြရည်စမ်း)

(တစ်)

တစ်နေ့တော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့အိမ်ကို အလည်သွားခဲ့တယ်။ လက်ဖက်ရည်ဆိုင် သွားထိုင်ကြဖို့ တိုင်ပင်ပြီးကာမှ မိုးတွေညို့နေတာကြောင့် သူ့အိမ် အောက်ထပ်မှာပဲထိုင်ပြီး စကားပြောနေ ဖြစ်ကြတယ်။ မိတ်ဆွေရဲ့ သားကလေးက သမံတလင်းပေါ်မှာ သံပတ်ပေးရတဲ့ ရထားတွဲလေးနဲ့ ကစားနေတယ်။ သံပတ်လေးတင်းပြီး လွှတ်ပေးလိုက်ပြီဆိုရင် သံလမ်း အဝိုင်းပတ်လေးပေါ်မှာ မီးရထားတွဲလေးက ပြေးလွှားခုတ်မောင်းနေတယ်။

ကလေးလေးပါးစပ်က 'ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံးဂျက်ဂျက်...ပီးပေါ်' ဆိုပြီး မပီကလာနဲ့ လိုက်အော်နေတာ ချစ်စရာလေးပေါ့။ ကလေးလေးပျော်ရွှင်နေတာကြည့်ရင်း ကျွန်တော်တို့ပါ ပျော်ရွှင်လာကြသလိုပဲ။ သူ ကစားနေတဲ့ သံပတ်ပေး ရေနွေးငွေ့စက်ခေါင်းတပ် ရထားတွဲကြီးနဲ့ ခရီးထွက်ချင်သလိုလိုတောင် ဖြစ်လာမိပါတယ်။ ကလေးလေးကလည်း အိမ်အောက်ထပ်လေးမှာ သူ့စိတ်ကူးနဲ့သူ ဆော့ကစားနေရင်း စိတ်ကူးခရီးထွက်ချင် ထွက်နေမှာပေါ့။ကျွန်တော်ကလေးဘဝကတော့ မီးရထားစီးပြီး လက်တွေ့ဘဝခရီးတွေ ထွက်ခဲ့ရဖူးပါတယ်။ ခရီးတွေထဲမှာ အမှတ်မိဆုံးက ရထားလမ်း ချော်ကျတဲ့ နေရာတွေပါပဲ။

ရထားတွဲ လမ်းချော်ကျတဲ့ နေရာတွေကို ငယ်ငယ်ကတည်းက ရောက်ခဲ့ဖူးတယ်။ကျွန်တော့် ဦးလေးက စက်ခေါင်းရုံတစ်ခုမှာ ဖိုမင်လို့ ခေါ်ကြတဲ့ စက်ရုံအုပ်ဆိုတော့ ရထားကျပြီဆို သူသွားရတယ်။အဲဒီလိုမျိုးခရီးကို သူနဲ့ အတူလိုက်ရပြီဆိုရင် ကျွန်တော် သိပ်ပျော်ပါတယ်။ ဦးလေးက သူ့အတွက်ပေးထားတဲ့ သီးသန့်တွဲကစီးပေမယ့် ကျွန်တော်ကတော့ စက်ရုံလုပ်သားတွေနဲ့အတူတူ လိုက်လေ့ ရှိပါတယ်။ အက်ဒ်ဆီးဒင့်န်စပါယ်ရှယ်လို့ နာမည်ပေးထားတဲ့ တွဲဆိုင်းကြီးနဲ့ လမ်းချော်ကျတဲ့နေရာကို သွားကြရတယ်။ ရထားဌာနကတော့ ရထားလမ်းချော်တာကို 'ရထားကျတယ်' လို့ သုံးနှုန်းကြတယ်။ စာရွက်ပေါ်မှာတော့ 'မတော်တဆမှု' လို့ ဖော်ပြကြတယ်။ ရထားတွဲဆိုင်းကြီးမှာ အဓိကပါဝင်တာတော့ ရေနွေးငွေ့နဲ့သက်ဝင်စွမ်းဆောင်စေတဲ့ ကရိန်းကြီးပါပဲ။ နောက်တော့ စက်ရုံလုပ်သားနဲ့ စက်ခေါင်းမောင်းတွေအတွက် နားနေတွဲပါပါတယ်။ ကျန်တာကတော့ ဘရိတ်ပါဝါအတွက် ဖွဲ့သီထားတဲ့ တွဲဆိုင်းချို့နဲ့ ရထားထိန်းတွဲပေါ့။

စက်ရုံလုပ်သားတွေက တစ်လမ်းလုံး စဟယ်နောက်ဟယ်ဆိုတော့ ပျော်စရာကောင်းပါတယ်။ သူတို့တွေထဲမှာ ငြိမ်ငြိမ်ကြီးနေပြီး တွေဝေငေးမောနေသူတစ်ချို့လည်း ပါတတ်တယ်။ အဲဒီလိုလူမျိုးကတော့ အိမ်ကို နောက်ဆံတင်းနေသူတွေပေါ့။ စက်ရုံထဲကနေ ရထားကျတဲ့နေရာကို စထွက်လာပြီဆိုကတည်းက ရထားတွဲဘယ်နှတွဲ ကျတယ်ဆိုတဲ့ သတင်းက ရပြီးသားပါ။ အခုလိုမျိုး ကရိန်းတွဲပါ ဖွဲ့ဆင်လာရပြီဆိုရင် တွဲအတော်များလို့ပေါ့။ တစ်ခါတလေတော့ စက်ခေါင်းကြီးပါ ချောင်းထဲရေသောက်ဆင်းသွားတာမျိုး၊ လယ်ကွင်းအစပ်မှာ စပါးဈေးသွားမေးတာမျိုးကိုတောင် ကြုံရတတ်ပါတယ်။ အဲဒါကြောင့် စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ပါးပါး နေတတ်သူတွေအတွက် မထူးဆန်းပေမဲ့ အိမ်မှာဝေယျာဝစ္စများသူတွေ အတွက်တော့ ပြီးစီးမယ့်အချိန်ကို ခန့်မှန်းရင်း စိတ်မသက်မသာ ဖြစ်တတ်ကြပါတယ်။ တော်တန်ရုံ ရထားဘီး တစ်ဘီးနှစ်ဘီးလောက် ကျတာမျိုး ဆိုရင်တော့လည်း ကရိန်းမှ မလိုအပ်တာ။မြန်မာ့မီးရထားရဲ့ ကျွမ်းကျင်လုပ်သားတွေက လျှော့စရာရှိတဲ့ ဘိုးနပ်တွေလျှော့၊ ဖြုတ်စရာလိုတဲ့ နပ်တွေဖြုတ်ပြီး ဂျိုက်ထောက်၊ ဇလီဖားခုရုံနဲ့တင် လမ်းပေါ်ပြန်ရောက်တတ်ပါတယ်။

အိမ်ကို နောက်ဆံတင်းတတ်တဲ့ စက်ရုံလုပ်သားတွေဟာ တကယ်အလုပ်လုပ်ရပြီ ဆိုတော့လည်း တွေဝေမနေတော့ဘဲ အားသွန်ခွန်စိုက် ရှိလှပါတယ်။ အဲဒီလို ရထား မတော်တဆဖြစ်တဲ့ နေရာတွေကို ခဏခဏ လိုက်ရင်းနဲ့ ဗဟုသုတတွေ အတော်လေးရခဲ့ဖူးပါတယ်။ လုပ်ငန်းမစရသေးခင် အိမ်ပြန် နောက်ကျမှာ ပူပင်ကြောင့်ကြတတ်တဲ့ စက်ရုံ လုပ်သားအပေါ်မှာလည်း ကျွန်တော် နားလည်တတ်သွားတယ်။ သူ ပူနေတာက အလုပ်လုပ်ရမယ့် အချိန်တွေအတွက် မဟုတ်ရှာပါဘူး။



နှစ်

မီးရထားကြီးကို သံလမ်းပေါ်မှာ သွားတဲ့ကိစ္စနဲ့ ခရာတုတ်မှ ဘီးလိမ့်တဲ့ကိစ္စတွေလောက်ပဲ အစက သိခဲ့ရပေမဲ့ အနေနီးလာတော့လည်း အဲဒီဝန်ကြီးဌာနရဲ့ဖွဲ့စည်းပုံကိုပါ သိလာခဲ့ရတယ်။ ကျွန်တော်ကလည်း ကျောင်းစာကိုသာ စိတ်မဝင်စားတာပါ။ ကျန်တာတွေကျတော့ မရောင်ရာဆီလူးဆိုသလို စပ်စုလွန်းခဲ့တယ်။ မီးရထားဝန်ကြီးဌာနဆိုတာ မီးရထားရဲဌာန၊ မီးရထားဆေးဌာန၊ သွားလာပို့ဆောင်ရေးဌာန၊ စက်မှုဌာနနဲ့ အင်ဂျင်နီယာဌာနဆိုပြီး ဌာနကြီးငါးခုနဲ့ ဖွဲ့ စည်းထားတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီလို သိခဲ့ရတဲ့နေ့မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ မြင်ကွင်းမျိုးတွေ၊ စကားတွေကိုလည်း ကြုံခဲ့ ကြားခဲ့ရပါတယ်။

အဲသည်တုန်းက မြစ်သားဘူတာနဲ့ ကူမဲ ဘူတာကြားမှာ ရထားလမ်းချော်မှုဖြစ်ခဲ့တယ်။အက်ဆီးဒင့်န် စပါယ်ရှယ်တွဲဆိုင်းကြီး ထွက်တော့ ကျွန်တော်လည်း လိုက်ခဲ့တယ်။အဲဒီနေရာကိုသွားဖို့ မြစ်သားဘူတာမှာ တွဲဆိုင်းကြီးကို ရှန်တိန်ပြန်လုပ်တယ်။ ကရိန်းကြီးကို ရှေ့ကတင်ပြီး ရထားကျနေတဲ့ဆိုက်ထဲ တဖြည်းဖြည်းဝင်လာခဲ့ကြရတာပါ။ ရထားတွဲ အတော်များများဟာ သံလမ်းပေါ်မှာ မရှိကြတော့ဘူး။ ဘယ်နှတွဲရယ်လို့တော့ မမှတ်မိပေမဲ့ တချို့တွဲဘီးတွေ သံလမ်းနှစ်ခုကြား ရောက်နေကြတယ်။ဇလီဖားတုံးတွေကလည်း ကျိုးကြေလို့ပေါ့။(အဲဒီတုန်းက ကွန်ကရစ်ဇလီဖားတုံးတွေ အသုံးမပြုနိုင်သေးပါဘူး)။ ရထားကြီးက လူစီးရထားမဟုတ်လို့သာ တော်သေးတယ်။

လမ်းချော်ကျပြီး တိမ်းစောင်းနေတဲ့ ကုန်ရထားတွဲတွေကို ကျွန်တော်လိုက်ပြီး စပ်စု နေမိတယ်။တစ်ချို့တွဲတံခါးတွေဆို ပွင့်ထွက်နေကြတယ်။ လုံခြုံရေးလာယူကြပုံရတဲ့ ရဲတချို့ကိုလည်း တွေ့ရတယ်။အဲဒါတွေကြည့်ပြီးတော့ ကရိန်းတွဲကြီးအနားမှာ ကျွန်တော် ရပ်နေမိတယ်။ ကလေးဆိုတော့လည်း လမ်းချော်ကျနေတဲ့ ရထားတွဲတွေကို ကရိန်းကြီးနဲ့မပြီး လမ်းပေါ်ပြန်တင်တာကို မြင်ချင်လှပြီ။ကရိန်းကြီးရဲ့ဘွိုင်လာအိုးကို မီးထိုးပြီး ရေ နွေးငွေ့တွေဆူပွက်လာမယ့်အချိန်၊ ကရိန်း လက်တံကြီးတွေ အသက်ဝင်လာမယ့်အချိန်ကို မျှော်လှပြီ။ ကရိန်းကြီးဘေးနားကို လူကြီး တစ်ယောက်ရောက်လာတော့ 'မီးမမွှေးသေးဘူးလား ဦးလေး' လို့ မအောင့်အည်းနိုင်ပဲ မေး မိသေးတယ်။သူက ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်ရင်း 'လူကြီးတွေ ငြင်းကြ၊ ခုန်ကြဦးမှာကွ' လို့ ပြောသွားပါတယ်။ ရထားကြီး လမ်းချော်ကျနေတဲ့ ကိစ္စကို ဘယ်လူကြီးတွေကများ ငြင်းကြခုန်ကြဦးမှာလဲလို့ တွေးမိရင်း စိတ် တောင်ညစ်မိပါတယ်။ မီးရထားလုပ်သား တချို့ကတော့ ရထားတွဲတွေအောက်ဖက်၊ အပေါ်ဖက်နေရာအနှံ့မှာ အိပ်ဖို့ပြင်တဲ့သူ ပြင်နေကြပြီ။ သံလမ်းရိုးမှာလည်း မှောင်လာပြီ။ ကရိန်းကြီးက ငြိမ်ငြိမ်ကြီးပဲ ဖြစ်နေဦးမယ်ဆိုတာ ရိပ်စားမိတဲ့ ကျွန်တော်လည်း ဦးလေးနေတဲ့ ရထားတွဲပေါ်တက်ပြီး အဒေါ်ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးဖွင့်စားပြီး အိပ်ပစ်လိုက်ပါတယ်။



သုံး

ကျွန်တော်အိပ်ရာနိုးလာတဲ့အချိန်မှာ ဦးလေးလည်း မရှိတော့ဘူး။ တွဲပြတင်းဝကနေ ခေါင်းပြူကြည့်လိုက်တော့ ရထားတွဲတွေ လမ်းချော်ကျနေတဲ့နေရာမှာ မျောက်ပွဲကြည့်နေကြသလို လူတွေဝိုင်းနေကြတယ်။

ရွှေရောင်ဘားတွေ ပခုံးပေါ်တင်ထားတဲ့ မီးရထားအရာရှိတွေဟာ ပေကြိုးတိုင်းတဲ့သူကတိုင်း ကတ္တားပေါ်က အလေးချိန်ကို ကြည့်သူကကြည့်နဲ့ အလုပ်များနေကြတယ်။ ခဏနေတော့ ငြင်းကြခုန်ကြပြန်တယ်။ သူတို့ ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် ထိုးကြ ကြိတ်ကြတော့မလိုပါပဲ။ စက်ခေါင်းမောင်းလို့ပြောတဲ့ သူတစ်ယောက်ကတော့ ဂရပ်ဖ်စာရွက်လေး အထွေးလိုက်ကို ကိုင်ထားရှာတယ်။ မိုင်ပိုမောင်းတာတွေ၊ ကုန်ချိန်ပိုတာတွေ၊ သံလမ်းဂိုက်ကျယ်တာတွေ၊ သံလမ်းဆက်မေးလွှဲတာတွေ၊ တွဲမကောင်းတာတွေ၊ ဘာတွေရော ညာတွေရော စုံလို့ပြောဆိုနေကြတယ်။ တစ်ယောက်တည်းက ပြောနေတာ မဟုတ်ပါဘူး။ တစ်ယောက်တစ်ပေါက် ပြော နေဆိုနေကြတာတွေပါ။ အရာရှိတစ်ယောက်ဆိုရင် ကျိုးကြေနေတဲ့ ဇလီဖားတုံးတွေကို ဆက်စပ်ကြည့်ပြီး တစ်တုံး၊ နှစ်တုံး ရေတွက် နေသေးတယ်။

ကျွန်တော့်စိတ်ထဲမှာ သူတို့ကိုကြည့်ရင်း အတော်အံ့သြနေခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ရထားကြီးလမ်းချော်နေတာ ဖြစ်ပေမဲ့ သူတို့စိတ်ထဲမှာ သူတို့ရာထူး၊ သူတို့ဘ၀ လမ်းချော်ကျနေတယ်လို့များ ထင်နေကြသလားလို့ တွေးနေမိခဲ့တယ်။လက်ညှိုးတွေ အပြန်အလှန်ထိုးနေကြ၊ အပြစ်တွေ အပြန်အလှန်ဖို့ နေကြတဲ့ ရွှေရောင်ဘားနဲ့ အရာရှိကြီးတွေဟာ ကျွန်တော့်ကလေးဘဝအတွေးထဲမှာ စဉ်းစားစရာဖြစ်လာခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော့်ဟီးရိုးက ကာတွန်းပိုးဇာ ရေးတဲ့ လူတွေကို ကူညီတတ်တဲ့ 'ကိုပူစီ' နဲ့   'စူပါမန်း'ပေါ့။ ကိုပူစီနဲ့စူပါမန်းက သူတို့ အပြစ်လွတ်အောင် 'လက်ဆေး' တဲ့ အပြုအမူမျိုး မရှိခဲ့ကြဘူး။

ငြင်းနေကြ၊ခုန်နေကြတာနဲ့တင် နေက တဖြည်းဖြည်းမြင့်လာပါတယ်။ကျွန်တော် စိတ်ဝင်စားနေတဲ့ ကရိန်ကြီးက ကျောက်ရုပ်ကြီးလို ငြိမ်နေတုန်းပါပဲ။ တွေဝေငြိမ်သက်နေတဲ့ အိမ်ကိုနောက်ဆံတင်းတတ်သူ စက်ရုံ လုပ်သားကတော့ အခုလိုအဖြစ်အပျက်မျိုးကို ရိုးနေတဲ့ သဘောရှိပါတယ်။ အဝေးမှာပဲ ထိုင်နေရင်း ငြိမ်သက်နေတယ်။ငြင်းသံ၊ ခုန်သံတွေ တဖြည်းဖြည်းပါးလျလာပြီး အရာရှိတွေ ရဲ့မျက်နှာကြောတွေ တဖြည်းဖြည်း လျော့ လာတဲ့ အချိန်မှာ အားလုံးလည်း ဗိုက်ဆာ နေကြပါပြီ။ သူတို့ဆီက ခနိုးခနဲ့သံတွေ၊ ရယ်မောသံတွေ ထွက်လာတော့ မွန်းတောင် တည့်တော့မယ်။ စာရွက်တွေကိုယ်စီကို လက်မှတ် ထိုးပြီးကြတဲ့အချိန်မှာတော့ ကုန်ရထားတွဲ ကြီးတွေရဲ့သံခွံက အငွေ့တွေတောင် ထွက်ချင်နေပါပြီ။



(လေး)

မိတ်ဆွေနဲ့စကားပြောနေပေမဲ့ ကျွန်တော့်စိတ်က အတိတ်မှာ ရောက်နေလို့ ထင်ပါရဲ့ သူပြောတဲ့စကားကို ကြားတစ်ဝက် မကြားတစ်ဝက်။ အပြင်မှာက မိုးတွေသည်း သဲသဲမဲမဲကြီး ရွာနေပြီ။ ကျွန်တော်တို့ ထိုင်နေကြတဲ့ ဧည့်ခန်းနေရာလေးနဲ့ တစ်ပြေးတည်းက အိမ်ရှေ့ကွန်ကရစ်လမ်းမပေါ်မှာ မိုးသီးမိုးပေါက်တွေ ကခုန်နေကြတာ အတော်လှတဲ့ မြင်ကွင်းပါ။ ကျွန်တော့်မိတ်ဆွေ အတွက်တော့ ကဗျာ မဆန်အားတော့ပါဘူး။ သူဟာ မိုးကာအင်္ကျီလေးကောက်စွပ်ပြီး အပြင်ထွက်သွားတယ်။ သူ့အိမ်ရှေ့မြောင်းလေးထဲမှာ အမှိုက်တွေတစ်ဆို့နေကြတယ်။ အမှိုက်သရိုက်တွေကို မြောင်းပေါ်ဆယ်တင်လိမ့်မယ်လို့ ကျွန်တော်ထင်ပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ ဝါးလုံးတစ်လုံးနဲ့ အောက်ဖက်အရပ်ကို သူထိုးချလိုက်တယ်။ သူလည်း ကျွန်တော်နဲ့ စကားမပြောအားတော့ပါဘူး။ အပေါ်ဘက်က ပါလာတဲ့ အမှိုက်တွေက ခဏခဏတစ်ဆို့နေတော့ ဝါးနဲ့ချည်းထိုးထိုး မျှောနေရပါတယ်။'အမှိုက်တွေကို ဆယ်ထား လိုက်ပါလား' လို့ ကျွန်တော်ပြောဖို့ ပြင်နေတုန်းမှာပဲ နောက်ထပ်အမှိုက်တွေ ထပ်မျှော လာလို့ ပြောမထွက်တော့ပါဘူး။

မိုးရွာတာကြာလာတော့ ကျွန်တော့် မိတ်ဆွေလည်း အလုပ်ပါးသွားပါပြီ။သူ့အိမ် ရှေ့က ရေမြောင်းလေးတောင် ရေအောက် ရောက်သွားပြီလေ။ သူလည်း အမှိုက်သရိုက်aတွကို ဝါးထိုး aမျှာစရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ ကွန်ကရစ်လမ်းမက မြောင်းပေါင်လို  

ဖြစ်နေပြီး အဲသည်နေရာကနေ ရေတွေ စီးနေကြပြီ။ တစ်ဖက်အနားသတ် မြောင်း ပေါင်ကတော့ မိတ်ဆွေရဲ့ အိမ်လှေကား အပေါ်ဆုံးအထစ်ပေါ့။



(၅)

ရေတွေဝင်လာတဲ့ ဧည့်ခန်းသမံတလင်းပေါ်က မီးရထားတွဲလေးဟာ အခုတော့ ဗီရိုကြီးအပေါ်ဆုံးထပ်မှာ နေရာပြန်ယူထားပါပြီ။ ရထားတွဲလေးတွေဟာ ကမန်းကတန်း နဲ့ နေရာအပြောင်းခံလိုက်ရတော့ လဲပြိုနေ ကြတယ်။ ကလေးလေးကို  လက်တွေ ပြောင်အောင်ဆေးပြီး ထမင်းစားဖို့ သူ့အမေက မှာနေတယ်။ ဧည့်ခန်းထဲအထိ ရေဝင်လာတဲ့ကိစ္စဟာ မိတ်ဆွေတို့မိသားစုအဖို့ သိပ်ပြီး မထူးဆန်းတော့ဘူး ထင်ပါတယ်။ ကျွန်တော် ကတော့ လဲပြိုကျနေတဲ့ ရထားတွဲလေးတွေ ကိုကြည့်ရင်း ငယ်စဉ်ကလေးဘဝက မြင်ဖူးခဲ့တဲ့ ကရိန်းကြီးကို သတိရနေမိတယ်။

အဲဒီနေ့က  ပို့ဆောင်ရေး၊ စက်မှုနဲ့ အင်ဂျင်နီယာဌာနက မီးရထားအရာရှိတွေဟာ ရထားလမ်းချော်ကျတဲ့ မတော်တဆမှုကို ရာခိုင်နှုန်း ၃၀ စီ တာဝန်ယူခဲ့ကြတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို ဘယ်သူတာဝန်ယူခဲ့ သလဲတော့ ကျွန်တော်မသိခဲ့ပါဘူး။ ၃၃.၃၃၃ ရာခိုင်နှုန်းစီများ တာဝန်ယူခဲ့ကြသလား။ မိုးမရွာ၊ လေမတိုက်၊ ရေမကြီး၊ ငလျင်မလှုပ်ခဲ့ တော့ သဘာဝဘေး အန္တရာယ်ဆိုတဲ့သတ္တဝါ ကတော့ တာဝန်မယူခဲ့ရတာ သေချာပါတယ်။

ကျွန်တော်သိပ်ပြီးမြင်ဖူးချင်တဲ့ ကရိန်းကြီးရဲ့ဘွိုင်လာကို မီးအပူစပေးတော့အချိန် အတော်လင့်နေပြီ။ ရေနွေးငွေ့ဆူပွက်လာပြီး လေဖိအားပေါင်ချိန်စောင့်ရတာကြောင့် ညနေစောင်းမှ တွဲတွေတွဲစပြီး မçနိုင်ကြတော့ တယ်။လမ်းတွေကို ပြန်ပြီးပြင်နိုင်ကြတော့တယ်။ အိမ်လွမ်းတတ်သူ၊ အိမ်နောက်ဆံ တင်းတတ်သူ မီးရထားလုပ်သားဟာ အားစိုက်ခွန်စိုက် အလုပ်ဆုံးပါပဲ။

 လမ်းချော်ကျတဲ့ ရထားလမ်းဆိုက်ထဲ က အက်ဆီးဒင့်န်စပါယ်ရှယ်ကရိန်းရထားတွဲကြီး ပြန်ထွက်လာတော့ ညဉ့်သန်းခေါင် ကျော် (out hour)ဖြစ်နေပြီ။

Most Read

Most Recent