ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ရူးကျေးရွာ ချောင်းရေလွှဲတာပေါင်နှင့် ရူး-ဒုတ်ကန် ချောင်းကူးတံတား မျောပါပျက်စီး

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ရူးကျေးရွာ ချောင်းရေလွှဲတာပေါင်နှင့် ရူး-ဒုတ်ကန် ချောင်းကူးတံတား မျောပါပျက်စီး
Published 31 July 2017


မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ရူး-ဒုတ်ကန် ချောင်းကူးတံတား ပျက်စီးနေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ တိုက်စားမှုကြောင့် ရူးကျေးရွာတွင် ဆောက်လက်စကမ်းထိန်းချောင်း ရေလွှဲတာပေါင်တစ်ခုနှင့် ရူး-ဒုတ်ကန်ကျေးရွာ ချောင်းကူးတံတား မျောပါပျက်စီးသွားကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်ယမန်နေ့ ည ၅ နာရီခန့်မှစတင်ကာ တစ်နာရီကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် တောင်ကျချောင်းရေများ စီဆင်းလာခြင်းကြောင့် ကျေးရွာတစ်ရွာလုံး လေးပေခန့်အထိ ရေနစ်မြုပ်မှုဖြစ်ပေါ်ကာ အရှည်ပေ ၁၆၀ ရှိ တံတားတစ်စင်းနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လက်စ ကမ်းထိန်းချောင်းရေလွှဲတာပေါင်တစ်ခုအား တောင်ကျချောင်းရေများ တိုက်စားကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“မနေ့ညနေ ၅ နာရီလောက်ကနေစပြီး မိုးတအားရွာတယ်။ ၆ နာရီလောက်မှာ မိုးရေတွေနဲ့ တောင်ကျချောင်းရေတွေ တက်လာတယ်။ ရွာထဲမှာ ရေလေးပေလောက်အထိ တက်ခဲ့တယ်။ ဒီရေအတက်မရှိတာကြောင့် ရေကသိပ်မကြာခင် ပြန်ဆင်းသွားတယ်။ ဆည်မြောင်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်နေတဲ့ ဆောက်လက်စမပြီးသေးတဲ့ ကမ်းထိန်းရေလွှဲတာပေါင်က တောင်ကျချောင်းရေတိုက်စားလို့ လန်ကျသွားတယ်။ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်မှာ ကျေးရွာကတင်ပြတဲ့အတွက် ကျပ်သိန်း ၁၀၀ လှူခဲ့တယ်။ အဲဒီငွေနဲ့ဆောက်ထားတဲ့ ရူးနဲ့ဒုတ်ကန်ကျေးရွာ ချောင်းကူးတံတားမှာ ရူးကျေးရွာဘက်အခြမ်းက ချဉ်းကပ်လမ်းနဲ့ တံတားပိုင်တိုင်နှစ်စုံ မျောပါသွားတယ်” ဟု ရူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းနိုင်က ပြောကြားသည်။

ရူးကျေးရွာအတွင်း ရေပြည့်ရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ရူးကျေးရွာ တိုက်နယ်ရဲစခန်းမှူး အောင်အောင်ကျော်က “မိုးကတအားရွာတယ်။ မိုးရေတွေနဲ့ တောင်ကျချောင်းရေတွေ ကျလာပြီး ရွာထဲအထိ ရေတက်ခဲ့တယ်။ တံတားကတော့ ချောင်းရေတွေ ကျလာတဲ့အခါ အပင်တွေမျောပါလာလို့ အဲဒီအပင်တွေနဲ့ ရေဖိအားကြောင့် ရူးဘက်အခြမ်းက တံတားတစ်ပိုင်း မျောပါသွားတယ်။ နောက်ပြီး ရေလွှဲတာပေါင်တစ်ခုလည်း ရေတိုက်စားလို့ ပျက်စီးသွားတယ်။ မနက်ကတော့ အမ်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး အားပေးစကားတွေ ပြောသွားပါတယ်” ဟုပြောကြားသည်။

ရေတိုက်စားမှုကြောင့် ပျက်စီဆုံးရှုံးသွားသည့် အဆိုပါ ရူး-ဒုတ်ကန်တံတားမှာ အရှည်ပေ ၁၆၀ ရှိပြီး ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရူးကျေးရွာခရီးစဉ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးမှ လှူဒါန်းပေးခဲ့သည့် ကျပ်သိန်း ၁၀၀ တန်တံတားတစ်စင်းဖြစ်ပြီး ရူးကျေးရွာချောင်း ရေလွှဲတာဘောင်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ဘတ်ဂျက်ကျပ်သိန်း ၈၀၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လက်စ ကမ်းထိန်းချောင်း ရေလွှဲတာပေါင်တစ်ခုဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုဖြစ်စဉ်မှာ ရူးကျေးရွာတွင် နှစ် ၇၀၊ ၈၀ အတွင်း တစ်ကြိမ်တစ်ခါမှ မကြုံစဖူးထူးကဲ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် အထိတ်တလန့်ဖြစ်ခဲ့ကြရကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
Writer: ရဲမင်းနိုင်

Most Read

Most Recent