အေဆမ်ထိပ်သီးအစည်းအဝေးနှင့် သံခင်းတမန်ခင်းအခွင့်အလမ်း

အေဆမ်ထိပ်သီးအစည်းအဝေးနှင့် သံခင်းတမန်ခင်းအခွင့်အလမ်း
၂၀၁၆ ဇူလိုင် ၁၅ ရက်က မွန်ဂိုလီးယားမြို့တော် အူလန်ဘာတော၌ ကျင်းပခဲ့သည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-Youtube)
၂၀၁၆ ဇူလိုင် ၁၅ ရက်က မွန်ဂိုလီးယားမြို့တော် အူလန်ဘာတော၌ ကျင်းပခဲ့သည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-Youtube)
Published 14 October 2018
ဒေါက်တာရန်မျိုးသိမ်း

နိုင်ငံတကာထိပ်သီးအစည်းအဝေးများ၊ ညီလာခံများ၊ ကွန်ဖရင့်များသည် သံခင်းတ မန်ခင်းအခွင့်အလမ်းများနှင့် လွှမ်းခြုံနေသည့် စင်မြင့်များပင်ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများ အနေဖြင့် ထိုစင်မြင့်များမှတစ်ဆင့် မိမိနိုင်ငံ၏ မူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထိရောက်တွင်ကျယ်ရှင်းလင်း၊ ဆွေးနွေးနိုင်ရေး ရှေးရှုသင့်သည်။ ခေတ်ပြိုင် သံခင်းတမန်ခင်းတွင် မြန်မာ့ခေါင်းဆောင်များသည် အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်လျက် စိန်ခေါ်မှုများ၊ အကျပ်အတည်းများ ကျော်လွှားနိုင်ရေး ဦးတည်ဖော်ဆောင်သင့်သည်။

(၁၂) ကြိမ်မြောက် အာရှ-ဥရောပ (အေဆမ်) ထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆယ်လ်မြို့၌ ကမ္ဘာ့စိန်ခေါ်မှုများအတွက် ကမ္ဘာ့လုပ်ဖော်ကိုင်ဖက်များဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အေဆမ်သည် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး မဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး မဏ္ဍိုင်ဟူသည့် မဏ္ဍိုင်သုံးရပ်အပေါ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာရှနိုင်ငံများ နှင့် ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးလျက်ရှိပြီး အကျပ်အတည်းများနှင့် ပြဿနာများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပုံဖော်ပေးလျက်ရှိသည်။

၂၀၁၈ ခုနှစ် အေဆမ်ထိပ်သီးအစည်းအဝေးပွဲတွင် ဥရောပသမဂ္ဂဥက္ကဋ္ဌ ဒေါ်နယ်တက်စ်ခ် (Donald Tusk)  သည် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အေဆမ်ခေါင်းဆောင်များသည် အာရှနှင့် ဥရောပလုပ်ဖော်ကိုင်ဖက်များအကြား ဘုံအကျိုးစီးပွားစိန်ခေါ်ချက်များနှင့် ပြဿနာများကို ဆွေးနွေးအမြင် ဖလှယ်ကြမည် ဖြစ်သည်။ အေဆမ်ထိပ်သီးအစည်းအဝေးသည် အာရှတိုက်နှင့် ဥရောပတိုက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးတည်သည့် တိုင်ပင်ဆွေးနွေးနိုင်သည့် အမြင့်ဆုံးမျက်နှာစာလည်း ဖြစ်သည်။ ၁၉၉၆ ခုနှစ် မတ်လတွင် ခြေလှမ်းစခဲ့သည့် အေဆမ်သည် ထိပ်သီးအစည်းအဝေး ၁၂ ကြိမ်၊ ဝန်ကြီးအဆင့် အစည်းအဝေး ၆၃ ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ၁၁၇ ကြိမ်၊ ဖိုရမ် ၃၉ ကြိမ်နှင့် အခမ်းအနား ၄၃၇ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်ဟု လေ့လာမိသည်။

ဥရောပတိုက်နိုင်ငံ ၃၀ နှင့် အာရှတိုက် ၂၁ နိုင်ငံတို့၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအကြီးအကဲများသည် အောက်တိုဘာ ၁၉ ရက်တွင် ဘရပ်ဆယ်လ်မြို့၌ တွေ့ဆုံ၍ အာရှနှင့်ဥရောပ၏ ဘုံအကျိုးစီးပွား၊ ဘုံအခွင့်အလမ်းများကို ခေါင်းချင်းရိုက်ဆွေးနွေးကြမည် ဖြစ်သည်။ အာရှနှင့်ဥရောပ ခေါင်းဆောင်များအကြား တစ်ထိုင်တည်း ရှင်းလင်း၊ ဆွေးနွေး၊ တိုင်ပင်မည့် အခွင့်အလမ်းကြီးဖြစ်သဖြင့် မြန်မာနိုင်ငံအဖို့ သုံးတတ်မည်ဆိုလျှင် နိုင်ငံတကာ သံခင်းတမန်ခင်းတွင် ဆေးဖြစ်နိုင်ဖွယ်ရှိသည်။ ဘေးကိုစိုးရိမ်ပူပန်ပြီး၊ ခပ်ဝေးဝေးနေသည်ထက် အကျပ်အတည်းများ၊ ဖိအားများကို အခွင့်အလမ်းအဖြစ် ဗျူဟာမြောက် ပြောင်းပစ်နိုင်မည့်ဆေးအဖြစ် သုံးနိုင်ရေး ဦးတည်သင့်သည်။ မြန်မာအစိုးရ အကြီးအကဲများအနေဖြင့် နိုင်ငံတကာ အစည်းအဝေးများတွင် ပိုင်ပိုင်နိုင်နိုင် ရှင်းလင်းဆွေးနွေး၍ နိုင်ငံတကာအသိုင်းအဝိုင်းအကြား ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်နိုင်ရေးသည် လတ်တလော စိန်ခေါ်မှုကြီးပင် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများ၊ ပိတ်ဆို့နိုင်ခြေများအကြား ပိတ်မိနေပြီး စိန်ခေါ်မှုများနှင့် အကျပ်အတည်းများ မြင့်မားနေဆဲကာလတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သံခင်းတမန်ခင်းကို ဗျူဟာမြောက်ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်သည်။ လာမည့် ၂၀၁၈ ခုနှစ် အေဆမ်ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ရခိုင် ပြည်နယ်အရေးအပါအဝင် အရေးကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထား ရှုမြင်ချက်များ၊ မူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ၊ မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူး၏ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ၊ အလားအလာများ၊ မျှော်မှန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးနိုင်မည်ဆိုလျှင် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးသည် အတန်အသင့် ထိရောက်အလုပ်ဖြစ်နိုင်ဖွယ်ရှိသည်။ အာရှခေါင်းဆောင်များကိုသာမက ဥရောပခေါင်းဆောင်များကိုပါ တစ်ထိုင်တည်း အသိပေး၊ ရှင်းလင်းနိုင်မည့် အခွင့်အလမ်းကြီးဖြစ်သဖြင့် အမိအရဖမ်းဆုပ်လျက် ဘရပ်ဆယ်လ်သို့ ခြေဦးလှည့်သင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။

လက်ငင်း မြန်မာ့အကျပ်အတည်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာ သံခင်းတမန်ခင်းချဲ့ထွင် နိုင်ရေးသည် ရှေ့တန်းရောက်လာနေသည်။ သံခင်းတမန်ခင်းခြေလှမ်းတိုင်းတွင် အကောင်းနှင့်အဆိုး၊ အားသာချက်နှင့် အားနည်းချက်တို့သည် ဒွန်တွဲနေမြဲဖြစ်သည်။ ဘရပ်ဆယ်လ်မှာ ရင်ဆိုင်ရနိုင်သည့် အကျပ်အတည်းများ၊ စိန်ခေါ်ချက်များ၊ ဖိအားများကို စိုးရိမ်ပြီး၊ ဘရပ်ဆယ်လ်ကို ရှောင်သည်ထက် ဗျူဟာမြောက်ပြင်ဆင်၍ စနစ်တကျချဉ်းကပ်နိုင်ရန် ပိုမိုသော့ချက်ကျမည်ဖြစ်သည်။ လာမယ့်ဘေးပြေးတွေ့နိုင်ရေး စဉ်းစား၊ သုံးသပ်သင့်ပြီး၊ အခွင့်အလမ်းကို ဘေးအန္တရာယ်အဖြစ် ဆင်ခြင်သဘောပေါက်မည်ဆိုလျှင် သံခင်းတမန်ခင်းခရီးပေါက်ဖို့ ခက်ခဲဦးမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အာရှ-ဥရောပနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဆမ်၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ် ဘရပ်ဆယ်လ်တွင် ကျင်းပမည့် အေဆမ်ထိပ်သီး အစည်းအဝေးနှင့် ၂၀၁၉ ခုနှစ် စပိန်တွင်ကျင်းပမည့် အေဆမ်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတို့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက ကူညီပံ့ပိုးလိုသည့် ဆန္ဒရှိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တွင် ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် အာရှ- ဥရောပ (အေဆမ်) ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့သည်။ အဆိုပါအစဉ်အလာအရ ကြည့်မည်ဆိုလျှင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ၁၂ ကြိမ်မြောက် အာရှ-ဥရောပ (အေဆမ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် မကြာမီကာလအတောအတွင်း ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆယ်လ်မြို့သို့ သွားရောက်နိုင်ဖွယ်ရှိသည်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အေဆမ်ထိပ်သီး အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အာဆီယံထိပ်သီးအစည်းအဝေး စသည့် နိုင်ငံတကာအစည်းအဝေးများ၏ စကားပြောစင်မြင့်ကို မြန်မာအစိုးရ အကြီးအကဲများအနေဖြင့် အကျိုးရှိရှိသုံးနိုင်ရေး အစီအစဉ်ဆွဲသင့်သည်။

(၁၂) ကြိမ်မြောက် အေဆမ်ထိပ်သီး အစည်းအဝေးကို တောင်အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အစိုးရအကြီးအကဲများလည်း တက်ရောက်မည်ဖြစ်သည်။ အာရှတိုက်နှင့် ဥရောပတိုက်နိုင်ငံများ၏ အကြီးအကဲများအနေဖြင့် တစုတစည်းတည်း စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ဆွေးနွေး၊ အမြင်ဖလှယ်နိုင်မည့်အပြင်၊ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ၊ သံခင်းတမန်ခင်း အခွင့်အလမ်းသစ်များ၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အလားအလာသစ်များနှင့် မြေကြီးလက်ခတ်မလွဲ ပက်ပင်းတိုးနိုင်မည့် ၂၀၁၈ ခုနှစ် အေဆမ်ထိပ်သီး အစည်းအဝေးကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် သို့မဟုတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မပျက် မကွက် တက်ရောက်လိမ့်မည်ဟု မျှော်လင့် မိသည်။

အချုပ်အားဖြင့်ဆိုသော် လာမည့် ၂၀၁၈ ခုနှစ် ဘရပ်ဆယ်လ်အေဆမ်ထိပ်သီးအစည်း အဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက် ရောက်ပြီး မြန်မာ့အရေးနှင့်စပ်လျဉ်း၍ နှီးနှောဖလှယ်တိုင်ပင်ဆွေးနွေးနိုင်မည်ဆိုလျှင် ရခိုင်အရေးအပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်ချက်များအကြား ပိတ်မိနေဆဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများလျှော့ ချနိုင်ရေး၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ရေးတို့အတွက် အထိုက်အလျောက် ခရီးပေါက်နိုင်ခြေရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Most Read

Most Recent