အိမ်ကွင်းမှာ ဂျာမနီကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန်

အိမ်ကွင်းမှာ ဂျာမနီကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန်
Published 14 October 2018

 

■ နယ်သာလန် ၃-၀ ဂျာမနီ

UEFA Nations League ပြိုင်ပွဲရဲ့ League A - Group (1) ပွဲစဉ် နယ်သာလန်နဲ့ ဂျာမနီတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်နယ်သာလန်အသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အိမ်ရှင်နယ်သာလန်ရဲ့ ပွဲထွက်စာရင်းမှာ ဒီပိုင်း၊ ဖရန်ကီဒီယွန်း၊ ဘာဘယ်လ်၊ ဝီနယ်လ်ဒမ်း၊ ဗန်ဒိုက်၊ ဘလင်း၊ ဆီလက်ဆန်စတဲ့ အဓိကကစားသမားတွေ ပါဝင်ခဲ့ပြီး (၄-၃-၃)ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျာမနီကလည်း (၄-၃-၃)နဲ့ပဲ ပွဲထွက်ခဲ့ပြီး မူလာ၊ ဗာနာ၊ တိုနီကရို့စ်၊ ချန်၊ ဘိုတန်၊ ဟမ်းမဲလ်၊ နော်ယာတို့နဲ့ လူစုံခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး နယ်သာလန်အသင်းကို ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့တဲ့အပြင် နယ်သာလန်အသင်းရဲ့ တိုက်စစ်တွေကို မနည်း ထိန်းချုပ်ခဲ့ရပါတယ်။

နှစ်သင်းစလုံး အပြန်အလှန်နဲ့ တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပြီး ဂျာမနီဘက်က မူလာရဲ့ အပိုင်ကန်ချက်ကို ဆီလက်ဆန်ပုတ်ထုတ်ခဲ့ရသလို နယ်သာလန်အသင်းရဲ့ တိုက်စစ်တွေကိုလည်း နော်ယာနဲ့ ဂျာမနီနောက်တန်းက ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန်မိနစ် (၃၀)မှာတော့ နယ်သာလန်တို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဘာဘယ်လ်ရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိပြီး ပြန်ထွက်လာတာကို အသင့်ရှိနေတဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ နယ်သာလန်ရော ဂျာမနီပါ ဂိုးသွင်းခွင့်တွေထပ်ရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိလို့ ပထမပိုင်းမှာ နယ်သာလန်အသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယော်ကင်လိုးဟာ မူလာနဲ့ ချန်တို့ကို ထုတ်ပြီး ဆာနေးနဲ့ ဒရက်ဇ်လာတို့ကို ထည့်သွင်းခဲ့ပါတယ်။ ဆာနေးနဲ့ ဒရက်ဇ်လာတို့ ဝင်လာပြီးနောက်မှာတော့ ဂျာမနီရဲ့ တိုက်စစ်က ပိုအလုပ်ဖြစ်လာခဲ့ပြီး နယ်သလန်အသင်းကို ပိုဖိကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ 

ပွဲချိန် (၆၃)မိနစ်မှာ ဆာနေး ဧရိယာအတွင်းက အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးဘေးကပ်ထွက်ခဲ့လို့ ဂျာမနီတို့ နစ်နာခဲ့ပါတယ်။

နယ်သာလန်အသင်းကို တောက်လျှောက်ဖိကစားနေတဲ့ ဂျာမနီဟာ ဒီပိုင်းဦးဆောင်တဲ့ နယ်သာလန်ရဲ့ တန်ပြန်တိုက်စစ်တွေကို မနည်းထိန်းချုပ်ခဲ့ရပြီး ပွဲချိန် (၈၆)မိနစ်မှာတော့ ဒုတိယဦးဆောင်ဂိုး ပေးလိုက်ရပြန်ပါတယ်။ 

တန်ပြန်တိုက်စစ်ကနေ ကွင်းပရို့စ် မျောပေးတာကို ဒီပိုင်းက ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးမတိုင်ခင် ဒီပိုင်း ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့သေးပေမယ့် ဂျာမနီဂိုးသမား နော်ယာက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

နယ်သာလန်အသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကိုတော့ မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပိုမှာ ဝီနယ်လ်ဒမ်းက ဂျာမနီနောက်ခံလူတွေကို လှလှပပကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီရှုံးပွဲကြောင့် ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးကတော့ ဖိအားတွေ ပိုများလာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

■ ယနေ့ကစားသည့် ဘောလုံးပွဲစဉ် ရလဒ်များ

UEFA Nations League အုပ်စုအဆင့်

League A- Group (1)

နယ်သာလန် ၃-၀ ဂျာမနီ

League B- Group (1)

ဆလိုဗက်ကီးယား ၁-၂ ချက်

League B- Group (4)

အိုင်ယာလန် ၀-၀ ဒိန်းမတ်

League C- Group (3)

နော်ဝေ ၁-၀ ဆလိုဗေးနီးယား

ဘူလ်ဂေးရီးယား ၂-၁ ဆိုက်ပရပ်စ်

League D- Group (1)

ဂျော်ဂျီယာ ၃-၀ အန်ဒိုရာ

လတ်ဗီးယား ၁-၁ ကာဇက်စတန်

League D- Group (4)

အာမေးနီးယား ၀-၁ ဂျီဘရော်လ်တာ

မက်ဆီဒိုးနီးယား ၄-၁ လက်ချင်စတိန်း



အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ

တောင်အာဖရိက ၆-၀ ဆေချဲလက်စ်

ယူဂန္ဓာ ၃-၀ လီဆိုသို

E.ဂီနီ ၀-၁ မာဒါဂါစကာ

မိုဇမ်ဘစ် ၁-၂ နမီးဘီးယား

DR ကွန်ဂို ၁-၂ ဇင်ဘာဘွေ

မော်ရိုကို ၁-၀ ကိုမိုရော့စ်

ဘာကီနာဖာဆို ၃-၀ ဘော့ဆွာနာ

တူနီးရှား ၁-၀ နိုင်ဂျား

 

နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ

မြန်မာ ၀-၃ ဘိုလစ်ဗီးယား

တရုတ် ၀-၀ အိန္ဒိယ

ဥဇဘက်ကစ္စတန် ၂-၀ မြောက်ကိုရီးယား

Most Read

Most Recent