မန္တလေးတိုင်း ဒေသကြီးအတွင်း ယခုရက်ပိုင်း၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး မိုးကုတ်ဒေသတွင် မိုးရွာသွန်းမှု များပြားလျက်ရှိကာ ဆည်တော်ကြီး ရေလှောင်တမံတွင် ရေပြည့်မှတ် ရောက်လုနီး ဖြစ်သောကြောင့် ရေထွက်ပေါက်များမှ ရေထုတ်လွှတ်မှုကို ပိုမိုထုတ်လွှတ်လျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီး ရေလှောင်တမံ ရေပြည့်မှတ်သည် ၄၁၉ ပေရှိပြီးအောက်တိုဘာ ၁၁ ရက်က ရေဝင်ရောက်မှုမှာ ရေအမှတ် ၄၁၇ ဒသမ ၆ အထိ ရှိခဲ့ခြင်းကြောင့် အောက်ဘက်ရှိ တံငါတံတား ထိခိုက်မှု မရှိစေရန် ရေထုတ်လွှတ်မှုများ ဆောင်ရွက်လျက်ရှိပြီး ရေထွက်ပေါက် ခုနစ်ပေါက်မှ ရေထုတ်လွှတ်မှုကို အောက်တိုဘာ ၁၃ ရက်တွင် တစ်ပေစီတိုး၍ ထုတ်လွှတ်လျက်ရှိကြောင်း သိရသည်။
“လတ်တလောအနေနဲ့ ကနောင်ချိုနဲ့ မိုးကုတ်မှာ မိုးအရမ်းများနေတာကြောင့် တောက်လျှောက်ကတော့ လွှတ်ပေးနေတယ်ပေါ့။ အရင်ရက်တွေကတော့ ခုနစ်ပေါက်လုံးကို သုံးပေစီ လွှတ်ပေးတယ်။ မနေ့ကတော့ ထပ်ပြီးတော့ တစ်ပေထပ်တိုးပြီးတော့ လေးပေစီ လွှတ်ပေးလိုက်တယ်။ ပုံမှန် ဆည်တော်ကြီးကန် ရေပြည့်မှတ်က ၄၁၉ ပေရှိပါတယ်။ မနေ့ကအထိ ၄၁၇ ဒသမ ၆ ဒီမနက်မှာ ၄၁၆ ဒသမ ၄ ကို ရောက်သွားပါတယ်။ ထိန်းချုပ်နိုင်တယ်။ ရေလွှတ်တဲ့နေရာမှာလည်း ထိန်းပြီးလွှတ်ရတယ်။ အောက်မှာရှိတဲ့ တံငါတံတားကို ထိခိုက်မှု မရှိအောင်လည်း ထိန်းပြီးတော့ လွှတ်ရပါတယ်။ နောက်ပြီးတော့ ရေလွှတ်တဲ့ ဘေးမှာရှိတဲ့ ဝဲယာဘေးမှာရှိတဲ့ ရွာတွေကိုလည်း ရွှေ့ပြောင်းဖို့တွေ အားလုံးစီစဉ်ထားပြီး ဖြစ်ပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
ဆည်တော်ကြီး ရေလှောင်တမံ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေရှိပြီး ရေလှောင်ပမာဏမှာ ၃၆၂၈၅၀ ဧကပေရှိကြောင်း၊ ရေလွှတ်သည့်အတွက် ဆည်အောက်ဒေသများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ထိန်း၍လွှတ်ချင်းများ ဆောင်ရွက်လျက်ရှိကာ ဆည်ရေအမှတ်ကို စောင့်ကြည့်၍ လိုအပ်သည့် အတိုင်းအတာအလိုက် ထပ်တိုးလွှတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။















