မိုနာကိုနည်းပြသစ်အဖြစ် အွန်နရီအား တရားဝင်ခန့်အပ်

မိုနာကိုနည်းပြသစ်အဖြစ် အွန်နရီအား တရားဝင်ခန့်အပ်
Published 13 October 2018

 

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းသည် အသင်းကစားသမားဟောင်း အွန်နရီအား နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

မိုနာကိုအနေဖြင့် နည်းပြဖြစ်သူ ယာဒင်းအား ပြီးခဲ့သည့်ကြာသပတေးနေ့ကတည်းက ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယခုအခါ အွန်နရီနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံအသင်းတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသူ အွန်နရီသည် မိုနာကိုအသင်းနှင့် ၂၀၂၁ ဇွန်လအထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ 

(၄၁)နှစ်အရွယ်ရှိ ၎င်းမှာ မိုုနာကိုအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး အသင်းကို ၁၉၉၇ တွင် အမှတ်ပေးချန်ပီယံဖြစ်အောင် ကူညီခဲ့သည်။

'' မိုနာကိုကို ပြန်လာခွင့်ရလို့ အရမ်းပျော်ရွှင်မိပါတယ်။ လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ လုံးဝဆုံးဖြတ်ထားပြီးပါပြီ။ အသင်းအတွက် အလုပ်စတင်လုပ်ဖို့နဲ့ ကစားသမားတွေနဲ့တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး'' ဟု အွန်နရီက ပြောကြားခဲ့သည်။

အွန်နရီသည် ၂၀၁၄၊ ဒီဇင်ဘာလတွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ရုပ်သံဝေဖန်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဘယ်လ်ဂျီယံအသင်း၌ မာတီနက်ဇ်၏နည်းပြအဖွဲ့ဝင်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

မိုနာကိုအသင်းသည် လက်ရှိရာသီတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်နေရပြီး အမှတ်ပေးဇယားတွင် နံပါတ်(၁၈)နေရာ ရောက်ရှိနေကာ ယခုရာသီ ပြိုင်ပွဲစုံ (၉)ပွဲတွင် (၁)ပွဲသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent