Eleven Media Group မှ သတင်းသမားသုံးဦးအား သတင်းမီဒီယာဥပဒေကို မျက်ကွယ်ပြုပြီး အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင်ခွင့်ရှိသည့် ဥပဒေများဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက တရားစွဲဆိုမှုသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောစကားနှင့် ဆန့်ကျင်ရာရောက်နေကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့အား အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven News ဂျာနယ် စာမျက်နှာ ၂၆ တွင် ဖော်ပြထားသော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကား နဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက အောက်တိုဘာ ၉ ရက်တွင် တာမွေမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး ယခုအခါ ယင်းသတင်းသမား သုံးဦးအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်း စိတ်မကောင်းစွာ သိရှိရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းထားပါသော်လည်း ထိုဥပဒေကိုမျက်ကွယ်ပြုပြီး သတင်းမီဒီယာသမားများကို အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင်နိုင်ခွင့်ရှိသော ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက ယူဆကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိပါသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ခရီးစဉ်အတွင်း ပြောကြားခဲ့ရာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောစကားနှင့် ဆန့်ကျင်ရာ ရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့်အချိန်အခါတွင် ယင်းကဲ့သို့ဆောင်ရွက်မှုသည် ဒီမိုကရေစီကို မယိမ်းမယိုင်အောင် ထိန်းညှိပေးနေသည့် စတုတ္ထမဏ္ဍိုင်အား အင်အားချည့်နဲ့အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်၏ပုံရိပ်၊ ဒီမိုကရေစီအစိုးရ၏ပုံရိပ်ကို ကျဆင်းစေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်းကောင်း၊ သတင်းမီဒီယာ ဥပဒေ အရလည်းကောင်း သတင်းသမားများသည် လွတ်လပ်စွာ သတင်းရယူခွင့်၊ ရေးသားခွင့် ထုတ်ဝေခွင့်များရှိကြောင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ရရှိခံစားနိုင်ရေး၊ သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို အကာအကွယ်ပေးရေး၊ သတင်းမီဒီ ယာများရရှိခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အရေးများကို စောင့်ရှောက်ရေး စသည့်ရည်ရွယ်ချက် လုပ်ငန်းစဉ်များဖြင့် မီဒီယာသမားများ အကျိုးကိုဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုကဲ့သို့ Eleven Media Group မှ သတင်းသမားသုံးဦးအား ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















