ရမ်ဆေးနေရာတွင် အစားထိုးရန် ကွင်းလယ်လူနှစ်ဦးကို အူနိုင်းအမ်မရီ ပစ်မှတ်ထား

ရမ်ဆေးနေရာတွင် အစားထိုးရန် ကွင်းလယ်လူနှစ်ဦးကို အူနိုင်းအမ်မရီ ပစ်မှတ်ထား
Published 12 October 2018

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရမ်ဆေးနေရာတွင် အစားထိုးရန်အတွက် ကွင်းလယ်လူနှစ်ဦးကို ပစ်မှတ်ထားနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးကို စာချုပ်သစ်ချုပ်ဆိုရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုရာသီကုန်တွင် ရမ်ဆေးအနေဖြင့် အသင်းပြောင်းရွှေ့တော့မည်ဟု ၎င်း၏အေးဂျင့်ကုမ္ပဏီက ကြေညာခဲ့သည်။

London Evening Standard သတင်းစာ၏ ဖော်ပြချက်အရ အမ်မရီသည် ရမ်ဆေးနေရာတွင် အစားထိုးရန် ပေါ်တိုကွင်းလယ်လူ ဟတ်တာဟာရဲရားနှင့် မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်ကွင်းလယ်လူ အယ်လ်မီရွန်တို့ကို စောင့်ကြည့်နေကြောင်း သိရသည်။

အသက် (၂၈)နှစ်အရွယ်ရှိ မက္ကဆီကိုလက်ရွေးစင်ကွင်းလယ်လူ ဟတ်တာဟာရဲရားသည် ရမ်ဆေးကဲ့သို့ပင် ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ဇန်နဝါရီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းအနေဖြင့် စျေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ဖွယ်ရှိနေသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပေါ်တိုအသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်ကို ကင်းထောက်များစေလွှတ်ကာ ဟတ်တာဟာရဲရားကို စောင့်ကြည့်စေခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် အမ်မရီသည် မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်အသင်း၏ ပါရာဂွေးကွင်းလယ်လူ အယ်လ်မီရွန်ကိုလည်း စောင့်ကြည့်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။

အယ်လ်မီရွန် (၂၄ နှစ်)သည် အတ္တလန်တာယူနိုက်တက်အသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီ မေဂျာလိဂ်တွင် (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent