ကမ္ဘာ့ရေနံစျေးနှုန်း အမြင့်ပိုင်းတွင် ဖြစ်ပေါ်နေချိန် ဒေါ်လာစျေး ပြန်လည်မြင့်တက်မှုကြောင့် စက်သုံးဆီစျေး ဆက်လက်မြင့်ခဲ့ရာ လေးလကျော်အတွင်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
ပြည်တွင်း စျေးကွက်၌ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၁၀၉၅ (တစ်ဂါလန် ၄၉၇၈ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၁၁၀၅ (တစ်ဂါလန် ၅၀၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၆၅ (တစ်ဂါလန် ၄၈၄၁ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၁၁၁၅ ကျပ် (တစ်ဂါလန် ၅၀၆၈ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ်သော စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လေးလကျော်အတွင်း ဒီဇယ် ၂၀ ဒသမ ၃၂ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၉ ဒသမ ၄၅ ရာခိုင်နှုန်း၊ 92 Ron ၂၁ ဒသမ ၀၂ ရာခိုင်နှုန်း၊ 95 Ron ၁၉ ဒသမ ၈၉ ရာခိုင်နှုန်း စျေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ စတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက်တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်တွင် ၆၇ ဒေါ်လာ၊ စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၇၀၊ အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်တွင် ၇၄ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်နေသည်။ နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှ စတင်၍ သိသိသာသာမြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ရှိသော ဒေါ်လာစျေးသည် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ စံချိန်တင် မြင့်တက်ခဲ့သည်။
ပြည်တွင်း စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီစျေးနှုန်းသည် ကမ္ဘာ့ စက်သုံးဆီစျေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး စျေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်စျေးနှင့် နှုင်းယှဉ်ပါက ကမ္ဘာ့ရေနံစျေးသည် ၁၇ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ဒေါ်လာစျေးသည် ဇွန်မှ စက်တင်ဘာအတွင်း ၂၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော အောက်တိုဘာ ၉ ရက်တွင် ပြည်ပမှ ဝယ်ယူရသည့် စက်သုံးစျေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၉၁ ဒသမ ၁၀ ဒေါ်လာ၊ 95 Ron ၉၃ ဒသမ ၅၂ ဒေါ်လာ၊ ဒီဇယ် ၉၈ ဒသမ ၈၂ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၉ ဒသမ ၈၁ ဒေါ်လာတို့ ဖြစ်သည်။
ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ကျပ် ၂၂၇၀ )၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ကျပ် ၂၄၅၁)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ကျပ် ၂၄၉၇)၊ အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ကျပ် ၂၉၅၁) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက် စျေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင် နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့သည်။















