အရှေ့တံခါး၀ လုံခြုံမှုအတွက် မြဝတီနယ်စပ်မြို့နှင့် နယ်စပ်တစ်လျှောက်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ BGF၊ ဌာနေပြည်သူ့စစ်၊ ဘာသာရေးခေါင်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အထူးတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပူးပေါင်းကာ နယ်စပ်သောင်ရင်းဖြတ်ကျော်ဂိတ်များ၊ မြဝတီမြို့တွင်း၊ ကုန်သွယ်ရေးဇုန် အာရှလမ်း၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပန်သွားကားလမ်းတို့တွင် စက်တင်ဘာ ၁၁ ရက်က လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ထို့အတူစက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း နယ်မြေလုံခြုံရေး တရားဥပဒေ စိုးမိုးရေးအတွက် ယာဉ်သွားယာဉ်လာ၊ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေစဉ် မဲဆောက်မြို့မယ်တော်ကျေးရွာမှတဆင့် သောင်းရင်းမြစ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မြဝတီမြို့သို့ အမှတ် ၁ ရပ်ကွက် ဆီးဂဲလ်ဂိတ်မှ မသင်္ကာဖွယ်လူတစ်ဦး ဝင်ရောက်လာကြောင်း သတင်းအရ နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက် စစ်ဆေးရာ ၎င်းမှာ အမာဟူစိန် ၃၆ နှစ် (ဘ) အစူနော် ဘင်္ဂါလီအစ္စလမ်၊ နာဇီရွာရပ်ကွက်၊ စစ်တွေမြို့ ရခိုင်ပြည်နယ်နေသူဖြစ်ကြောင်း သိရ၍ ည ၈ နာရီခန့်တွင်မြို့နယ်လဝက ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအား လဝက ဥပဒေပုဒ်မ ၁၃ (၁) ဖြင့်အမှု ဖွင့်စစ်ဆေးလျက်ရှိသည်။ မြဝတီနယ်စပ် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မြို့တွင်းမြို့ပြင်၊ နယ်စပ်တစ်လျှောက် လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးနိုင်မောင်ဇော်က ရခိုင်ပြည်နယ်အရေး၏ နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာသည့် ကောလဟလ သတင်းများကြောင့် ပြည်သူများ အထိတ်တလန့် မဖြစ်ရအောင်၊ ပြည်သူ့ဘဝလုံခြုံမှု ပိုမိုရရှိအောင် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် လုံခြုံရေးလှည့်ကင်းများကို ပုံမှန်ထက် အလေးထားကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။