ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း
Published 26 September 2018

ပထမဆုံး ရုံတင်ပြသခဲ့သည့် ‘ဥပါယ်တံမျဉ်’ ဇာတ်ကားဖြင့် အောင်မြင်မှု များစွာရရှိခဲ့ကာ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သူ ဒါရိုက်တာ ခရစ္စတီးနားခီသည် ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကားထပ်မံပြသရာတွင်လည်း ပရိသတ် လက်ခံအားပေးမှု ထပ်ဆင့်ရယူနိုင်ခဲ့သူ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်နယ်ပယ်အတွင်း ကွဲပြားသည့်ဖန်တီးမှုများ၊ ကြိုးပမ်းအားထုတ်မှုများဖြင့် မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့သည့် လူငယ်အမျိုးသမီး ဒါရိုက်တာခရစ္စတီးနားခီမှာ တတိယမြောက် ဇာတ်ကားသစ်ဖြစ်သည့် Now & Ever ဇာတ်ကားအတွက် ပြင်ဆင်နေမှုများ၊ Casting ရွေးချယ်မှုအတွက် အမြင်များ အပါအဝင် အနုပညာဖန်တီးမှုများအတွက် ပြင်ဆင်လျက်ရှိသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ဥရောပရုပ်ရှင်ပွဲတော်ကိုတက်ဖြစ်တဲ့ အကြောင်းလေးပြောပါဦး။

ဖြေ - ရုပ်ရှင်သမားနဲ့ ရုပ်ရှင်ပွဲတော်ဆိုတာက အမြဲတမ်းယှဉ်တွဲနေတဲ့အရာပါ။ ဒီမှာပြသတဲ့ဇာတ်ကားတွေကို စိတ်ဝင်စားတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် လာတက်ဖြစ်တာပါ။

■ မေး - ဥရောပရုပ်ရှင်ပွဲတော်မှာ ပြနေတဲ့ ဇာတ်ကားတွေကိုရော ကြိုက်လား။

ဖြေ - ကြိုက်တယ်။ အများအားဖြင့်တော့ ပြင်သစ်ကားတွေ ကြည့်ဖြစ်တာများတယ်။ သူတို့ဖန်တီးထားတာတွေက ပွင့်တယ်။ ကိုယ့်အနေနဲ့ ကြိုက်ပေမယ့် ဒီကအမြင်နဲ့ကျတော့ တစ်မျိုးများဖြစ်မလားလို့ စဉ်းစားရတာရှိတယ်။ ဥပမာ-Blue is the warmest colour ဆိုရင် အမျိုးသမီးနှစ်ယောက်ကြိုက်တဲ့ ဇာတ်ကားမျိုး။ သူတို့က Detail ပြတာပေါ့။ အစ်မက သူတို့ဖန်တီးမှုကို အရမ်းကြိုက်တယ်။ ဒီမှာကျတော့ ဒါမျိုးတွေဖန်တီးလို့ သိပ်အဆင်မပြေလှဘူး။ ကောင်းတဲ့ အနုပညာကို ခံစားတတ်အောင် ခံစားတယ်။ ပြီးမှ ကိုယ်လုပ်ပြလို့ ရတာလေးတွေ ပြန်ယူတာပေါ့။

■ မေး - Now & Ever နဲ့ သီတာဇာတ်ကားအတွက် Casting ခေါ်တဲ့အပိုင်းလေး ပြောပြပေးပါဦး။

ဖြေ - လျှောက်လွှာတွေကိုတော့ ပိတ်လိုက်ပြီ။ တော်တော်များများတော့ စိတ်ဝင်တစားနဲ့ လျှောက်ကြတယ်။ ပထမတော့ လျှောက်လွှာတွေ ပိတ်လိုက်မလားလို့ စဉ်းစားပေမယ့် နှစ်ပတ်လုံးပဲ ဖွင့်ပေးထားလိုက်တယ်။ အွန်လိုင်းမှာလည်း လျှောက်ကြတယ်။ စိတ်ဝင်စားတဲ့သူတွေများတဲ့အတွက် ဝမ်းသာမိပါတယ်။ Location ကို စပြီးရွေးနေပါပြီ။ Production Designer နဲ့ သေချာပြင်ဆင်ချင်တဲ့အတွက် အဲဒီလိုလေးလုပ်ဖို့ စီစဉ်ထားတယ်။ ခရစ္စတို့ အရင်ကတော့ ရှိတဲ့ Budget လေးနဲ့ရအောင် လုပ်ခဲ့ရတယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဖန်တီးချင်တဲ့ပုံစံလေးနဲ့ သေချာလေး ပြင်ဆင်ပြီးတော့လုပ်မယ်။ အလုပ်တွေလည်း ကျွမ်းကျင်သူတွေဆီကို ခွဲပေးပြီးတော့ လုပ်ဖို့ပြင်ဆင်ထားပါတယ်။

■ မေး - Now & Ever က ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲ။

ဖြေ - အရင်ကားတွေနဲ့တော့ လုံးဝမတူဘူး။ ဒီဇာတ်ကားက အချစ်ဇာတ်ကားပါ။ အရင်ကားတွေတုန်းက အချစ်ဘက်ကို ဦးတည်ပြီး ရိုက်မထားဘူး။ မုဒြာတုန်းကလည်း ယဉ်ကျေးမှုကို အသားပေးတဲ့အတွက်အချစ်က နောက်မှာကျန်ခဲ့တယ်။ ဥပါယ်တံမျဉ်ကျတော့လည်း Suspense Drama ဖြစ်တဲ့အတွက် အချစ်အကြောင်း အရာတော့နည်းတယ်။ အခုဒီဇာတ်ကားကတော့ အချစ်ကနေမှ ပေါက်ဖွားလာတဲ့ ဘဝတစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းတွေပေါ့။ ဒါတွေကို အတူရင်ဆိုင်ရတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့အရာတွေပေါ့။

■ မေး - ဖန်တီးမှုပုံစံနဲ့ ပတ်သက်ရင်ရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ - ရုပ်ရှင်ရဲ့ သဘာဝအတိုင်းတော့သွားမယ်။ မြန်မာလင်မယားနှစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု ပုံစံလေးပေါ်အောင်တော့ ဖန်တီးဖို့ စဉ်းစားထားတယ်။

■ မေး - Casting မှာ စိတ်ဝင်စားသူများတယ်ဆိုတော့ ဇာတ်ကားတွေအတွက် လိုအပ်တာထက် များနေမလား။

ဖြေ - အရေအတွက်ကို ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ ဟိုတုန်းက အတွေ့အကြုံအရဆိုရင် အများကြီး လာလျှောက်ပေမယ့် တစ်ယောက်နှစ်ယောက်ပဲ ရတာမျိုးလည်း ရှိတယ်။ ဟိုတုန်းကထက် အခုက ငါးဆခြောက်ဆ များသွားပြီပေါ့။ Presonality က မြင်ရတယ်။ လူတစ်ယောက် စကားသုံးလေးခွန်း ပြောလိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းလား၊ မကောင်းလားဆိုတာကို မြင်တတ်အောင် ကြည့်ရတယ်။ သူတို့ကိုနားလည်ပေးရတယ်။ ကြောက်တဲ့သူလည်းရှိတယ်။ လူတွေ့တွေမှာတော့ တော်တော်လေး စိတ်ဝင်စားတဲ့သူတွေကို ခေါ်တွေ့မယ်။ အလုပ်လုပ်ဖို့ကတော့ Now & Ever ကို အရင်စမယ်။ ပြီးရင်ဇာတ်လမ်းတွဲပြီးမှ သီတာကိုရိုက်မှာဆိုတော့ အချိန်လေးတွေတော့ ခြားသွားမှာပေါ့။

■ မေး - အရင်ဇာတ်ကားတွေတုန်းက လက်တွဲခဲ့တဲ့ သရုပ်ဆောင်တွေကိုရော ဒီဇာတ်ကားမှာ ပြန်သုံးဖို့ရှိမလား။

ဖြေ - အောင်မြင့်မြတ်ကလွဲလို့ အကုန်လုံးနီးပါး လာလျှောက်ကြတယ်။ သူတို့ကိုအရင်ကတည်းက စိတ်ထဲမှာတော့ ရှိပြီးသားပါ။ ဒါပေမဲ့ အခုလို လာလျှောက်တာတွေ့တော့ အံ့သြမိတာပေါ့။ တခြားဇာတ်ကားတွေမှာလည်း အသစ်တွေ အနေနဲ့ Roll တစ်ခုရထားပြီးသားသူတွေလည်း လာလျှောက်ကြတယ်။ ကာရိုက်တာကို ချိုးလို့ရတဲ့သူရှိသလိုချိုးလို့ မရတဲ့သူလည်းရှိတယ်။ Talent ရှိပေမယ့် ကာရိုက်တာ မချိုးတတ်ဘူး ဆိုရင်တော့လည်း အဆင်မပြေဘူး။ ဆရာလည်း ခေါ်ထားတယ်ဆိုတော့ အားလုံးကြည့်ရဦးမှာပေါ့။ ခရစ္စတို့ ရွေးထားတဲ့သူကိုမှ အမူအရာပိုင်းအတွက် Train လို့ ရ မရကို ဆရာနဲ့တိုင်ပင်ကြည့်ရမယ်။ လာလျှောက်တဲ့အချိန်မှာ အချိန်အတိအကျ ရှိပါ့မလား။ အဲဒါတွေက အစကြည့်ရတာပေါ့။ တကယ်ရိုက်တဲ့အချိန်မှာ ဒီရက်လေးပဲ အားတယ်တို့၊ ဒီရက်မအားဘူးဆိုရင် သိပ်အဆင်မပြေဘူး။ အဲဒါတွေပါ ထည့်တွက်ရတာပေါ့။

■ မေး - အရင်လက်တွဲခဲ့ဖူးတဲ့သူတွေ၊ ပရိသတ်သိပြီးသားသူတွေပါ လာလျှောက်တော့ ဘယ်လိုခံစားရလဲ။

ဖြေ - ဝမ်းသာရသလို အလုပ်များများလုပ်ဖို့ လိုအပ်တယ်လို့လည်း ခံစားရတယ်။ သူတို့တွေ အလုပ်ပေးချင်ပေမယ့် တစ်ကားတစ်ကားရိုက်ဖို့ အချိန်ပေးရတယ်လေ။ ဒါကြောင့် အခုခရစ္စက Assistant Director တွေလည်း Train ပေးချင်တယ်။ မျှော်လင့်ချက်က သူတို့ကို ဒါရိုက်တာတွေ ဖြစ်လာစေချင်တယ်။ တကယ်လို့ သူတို့တွေသာ ကောင်းမွန်တဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပြီဆိုရင် ခရစ္စတို့ ထုတ်လုပ်ရေးအနေနဲ့လည်း ဇာတ်ကားတွေ အခုထက်ပိုပြီး ထုတ်လုပ်လာနိုင်မယ်။ ခရစ္စတို့ လက်တွဲခဲ့ပြီး ပရိသတ်တွေလည်း အသိအမှတ်ပြုထားတဲ့သူတွေကိုလည်း အလုပ်တွေများများ ရစေချင်တယ်။